သီပေါ မတ် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သစ်တောသစ်ပင်များနှင့် နှစ်ရှည်ပင်များ ပိုမိုစိုက်ပျိုးနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်ရည်ရွယ်၍မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီကာလတွင်စိုက်ပျိုးနိုင်ရန်အတွက် မြို့မပျိုးဥယျာဉ်နှင့် ဇာတ်စုရပ်ကွက် ပျိုးဥယျာဉ်တို့တွင် ပျိုးပင်ပေါင်း(၄၉၂၀၀)ပင်ပျိုး ထောင်ထားကြောင်း သိရသည်။
မြို့နယ်အတွင်းပြည်သူများစိုက်ပျိုးနိုင်ရန်အတွက်ဖြန့်ဝေမည့် နှစ်ရှည်ပင်များ ပျိုးထောင်ရာတွင် ဒေသရာသီဥတုနှင့် ကိုက်ညီသည့် အပင်များနှင့် ဒေသခံပြည်သူများစိုက်ပျိုးချင်သော အပင်များ ဖြစ်သည့် ကျွန်း၊ မယ်ဇလီ၊ မန်ဂျန်ရှား၊ ယမနေ စသည့်အပင်ပေါင်း(၄၉၂၀၀)ကို ပျိုးထောင်ထားရှိ ကြောင်း သိရသည်။
သီပေါမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိပေးနိုင်ရေးအတွက် ပျိုးထောင်ထားသော အပင်များကို ဒေသခံ ပြည်သူများ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ အစုအဖွဲ့ပိုင်သစ်တောများတွင် စိုက်ပျိုးနိုင်ရန် အခမဲ့ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သီပေါမြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)