ကျောက်ဆည် မတ် ၇
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးနှောင်းဝါ စိုက်ဧက (၅၄၆၇)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်စိုက်ပျိုးရေးဦးစီးဌာနမှသိရကာ မိုးနှောင်းဝါ များကိုတိုက်နယ်(၆)တွင် (၄၀၁)ဧက၊ တိုက်နယ်(၇)တွင်(၂၉၂၂)ဧက၊ တိုက်နယ်(၈)တွင်(၆၄၂)ဧက၊ တိုက်နယ်(၁၁)တွင်(၁၀၀)ဧကနှင့်တိုက်နယ်(၁၂) တို့တွင်(၁၄၀၂)ဧက စိုက်ပျိုးခဲ့ ကြောင်းသိရှိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ဝါစိုက်တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် လွန်ကျော် ဝါသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံမှ အရည်အသွေးနှင့် ထွက်နှုန်းကောင်း သော ဝါမျိုးကောင်းမျိုးသန့်များ သုတေသနပြုစိုက်ပျိုးပြီးဒေသနှင့် ကိုက်ညီသည့် ငွေချည်(၆)၊ငွေချည်(၈)၊ ငွေချည်(၉)၊ ငွေချည်(၁၁)နှင့် ရွှေတောင်(၁၀)ဝါ မျိုးကောင်းမျိုးသန့် ဝါမျိုးစေ့များ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရသည်။
ဝါတစ်ဧကစိုက်ပျိုးမည်ဆိုပါကစိုက်ပျိုးခြင်း၊ သားခွဲခြင်း၊ ပေါင်းရှင်းခြင်း၊ မြေဩဇာပတ်ကျဲခြင်း၊ ဆေးဖျန်း ခြင်း၊ ရေတင်ခြင်း၊ ဝါကောက်သိမ်းခြင်းစသည့်လုပ်အားခအဖြစ် ငွေကျပ်(၃၁၀၄၀၀)၊ ထွန်/ထယ်နှင့် ကြား ထွန်လိုက်ခအဖြစ် ငွေကျပ်(၄၈၀၀၀)၊ ယူရီးယား၊ ကွန်ပေါင်း၊ ပိုတက်၊ ဘိုရွန်၊ ဇင့်၊ ဆာလဖာ၊ ရွက်ဖျန်း ဆေးရည်၊ ရွှေမီဒါ၊ ကာတက်၊ ပေါင်းသတ်ဆေးစသည့် အပင်အတွက်လိုအပ်သည့် ဆေးကုန်ကျစရိတ်အဖြစ် ငွေကျပ်(၆၀၆၄၅၀) ကုန်ကျကြောင်းနှင့် တစ်ဧကအထွက်နှုန်းမှာ ရာသီဥတုနှင့်အပင်အပြုအစုအပေါ် မူတည်ပြီး (၄၀၀)ပိဿာမှ (၆၀၀)ပဿာအထိထွက်ရှိကြောင်းသိရှိရသည်။
သက်မောင်(ကျောက်ဆည်)