ကျောက်ဆည် မတ် ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အနောက်ငယ်တိုး၊ အနောက်ငါးဆူ၊ သံရွာ၊ ပုန်းညက်ကျေး၊ ရဲကြီး၊ အရှေ့ သာဂရ၊ ဖျောက်ဆိပ်ပင်၊ အနောက် ရေဖျားတော၊ သင်ပျိုကျေးရွာများတွင် ငှက်ပျောအများဆုံး စိုက်ပျိုးကြကြောင်း သိရှိရပြီး ဟံမြင့်မိုရ်ကျေးရွာတွင် စိုက်ပျိုးထားသော ငှက်ပျောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်အတွင်းရှိ ငှက်ပျောစိုက် တောင်သူများအနေဖြင့် ဖီးကြမ်းငှက်ပျော အများဆုံး စိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် မိုးဦးရာသီ၌ အများဆုံးစိုက်ပျိုးကြကြောင်း “မိုးဦး ရာသီစိုက်တော့မိုးရေနဲ့ မြေအစိုဓာတ်ကောင်းစွာရရှိပြီး အပင်ဖြစ်ထွန်းမှုမြန်ဆန်ကြောင်းနှင့် စိုက်ပျိုးရာမှာ အပင်သန်ပြီး ငယ်ရွယ်သည့် (ငှက်ပျောစို့)အပင်ငယ်များရွေးပြီး စိုက်ပျိုးမှ သာ ငှက်ပျောအဖီးများသည့် ငှက်ပျောခိုင်များ ထွက်ရှိမှာ ဖြစ်ကြောင်းနှင့် အပင်အပြုအစုကောင်းပါက စိုက်ပျိုးပြီး(၁၀)လအကြာတွင် ငှက်ပျော ခိုင်များ စတင်ထွက်ရှိကြောင်း သင်ပျို ကျေးရွာမှ တောင်သူဦးမောင်မောင်စိုးက ပြောပြသည်။
တောင်သူများအနေဖြင့် ငှက်ပျောစိုက်ရာတွင် တစ်ပင်တန်းစိုက်ပျိုးခြင်းနှင့် နှစ်ပင်တန်း(စွယ်စုံ) စိုက်ပျိုးခြင်းဟူ၍ နှစ်မျိုးစိုက်ပျိုးကြကြောင်း (၂)ပင်တန်း(စွယ်စုံ)နည်းဖြင့် စိုက်ပျိုးမည်ဆိုက မြေတစ်ဧကတွင် အပင်ရေ(၈၀၀)ခန့်ဝင်ဆန့်ကြောင်း၊ ရောင်းချရာတွင်ငှက်ပျော(၆)ဖီးပါ ငှက်ပျောအခိုင် (၄၀)အား လှည်းတစ်စီး အဖြစ်သတ်မှတ်ပြီး အရောင်း အဝယ်ပြုလုပ်ကြရကြောင်း၊ ငှက်ပျောတစ်ဧကတွင် ငှက်ပျောကောင်းပါက လှည်း (၁၈)စီးအထိ ထွက်ရှိကြောင်းနှင့် ရောင်းဈေးအနေဖြင့် ငှက်ပျောအခိုင်လှပမှုနှင့် နယ်မြေဒေသ အပေါ်မူတည်ကာ ငှက်ပျောလှည်းတစ်စီးအား ငွေကျပ်(၁၁၀၀၀၀)ကျပ်မှ ငွေကျပ်(၁၅၀၀၀၀)အထိ ဈေးအမျိုးမျိုး ရောင်းချရကြောင်း သံရွာကျေးရွာမှ ငှက်ပျောစိုက်တောင်သူ ဦးမျိုးထွန်းက ပြောပြသည်။
သက်မောင်(ကျောက်ဆည်)