မိတ္ထီလာ မတ်လ ၇
မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက် မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီအချိန်က ရက်ကန်း နှင့် အသက် မွေးပညာ သင်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသာဝက ကျေးလက်နေပြည်သူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်း များရရှိစေပြီး လုပ်ငန်းရှင်များ အတက် ပညာရှင်များအဖြစ် အသက်မွေးဝမ်းကျောင်း လုပ်ငန်း ဆောင်ရွက်နိုင်ပြီး အိုးမကွာအိမ်မကွာ ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရန်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းများ တိုးပွား လာစေရန်နှင့် တစ်ဦးချင်း ဝင်ငွေတိုးပွားလာပြီး မိသားစုဝင်ငွေကို အထောက်အကူဖြစ်စေ၍ လူမှု့ဘဝဖွံ့ဖြိုး တိုးတက်စေကာ ဆင်းရဲမှုလျော့ချရေးတို့အတွက် အခြေခံ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို အခမဲ့ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မိတ္ထီလာကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသားများအတူ စုပေါင်း မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
၎င်းဖွင့်ပွဲအခမ်းအနားကို မိတ္ထီလာခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုးလတ်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသာဝကနှင့် သင်တန်းနည်းပြများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းတွင် မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ သင်တန်းသား ၂၀ ဦးတက်ရောက်ပြီး ၎င်း သင်တန်းကို မတ်လ ၇ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)