မိုင်းလုံမြို့တွင် အိုမီခရွန် (Omicron) ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်

မိုင်းလုံ  မတ်  ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ က ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍  အသိပညာပေး နှိုးဆော်ချက်များကို ယနေ့ နံနက် ( ၉ ) နာရီ အချိန်က  မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် မျိုးဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် ရောဂါပိုးသည် မိမိတို့နိုင်ငံတွင် စတင်တွေ့ရှိ လာသည့်အတွက် ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်ကြရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံပါက မျက်နှာကာ (Face shield) ကို တွဲဖက်တပ်ဆင်ရန်၊ လူစုလူဝေးရှောင်ရှားရန်၊ လက်ကိုစက္ကန့် ၂၀ ကြာ မကြာခဏ စနစ်တကျ ဆေးကြောရန်၊ အလုံပိတ်အခန်းများ၊ အဲယားကွန်းအခန်းများ၊ လေဝင်လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားရန်၊ အိုမီခရွန် မျိုးကွဲသစ်သည် မူလ ကိုဗစ်-၁၉ နှင့် လုံးဝမတူတော့ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှုပိုမိုမြန်ဆန်ခြင်း၊  ကာကွယ်ဆေးများကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံမှုအပြည့်အဝ ရရှိစေရန် ကာကွယ်ဆေး ထိုးနှံပေးလျက် ရှိရာပြည်သူများအနေဖြင့် မပျက်မကွက်အကြိမ်အရေအတွက် ပြည့်ဝစွာထိုးနှံကြပါရန်နှင့်  ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာကုသမှုခံယူကြရန် စသည့် အချက် များကို လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)