သာစည်မြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေး ရှေ့ပြေးလုပ်ငန်းစီမံချက် ဖွင့်ပွဲအခမ်းအနားပြုလုပ်ပြီး တိုက်ဆိုင်စစ်ဆေးခြင်းများ စတင်ဆောင်ရွက်

သာစည်  မတ်  ၇

မန္တလေးတိုင်းဒေသကြီး   သာစည်မြို့နယ်တွင်  အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်ရေးအတွက်မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း   ရှေ့ပြေးလုပ်ငန်းစီမံချက်  ဖွင့်ပွဲအခမ်းအနားကို   ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ပြုလုပ်ပြီး တိုင်ဆိုင် စစ်ဆေးခြင်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ 

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးသက်ကျော်က  အမှာစကားပြောကြားပြီး    မိတ္ထီလာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးသည်။ဆက်လက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသာစည်မြို့ နယ်ဦးစီးမှူးရုံးမှ  မြို့နယ်ဦးစီးမှူး ဦးအောင်မွန်ကပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးနေမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးပြီး  မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ  ဦးစီးအရာရှိဒေါ်အိမွန်ကျော်က အခြေခံမဲဆန္ဒရှင်စာရင်းများ ပြုစုထားရှိမှုနှင့်မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေ စာရင်းနှင့်တိုက်ဆိုင်စစ်ဆေးရာတွင် ဆောင်ရွက်ရမည့် အသေးစိတ်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက်   တက်ရောက်လာသော ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများက လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲ မရှိစေရေးအတွက် မရှင်းလင်းသည်များကို မေးမြန်း ဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ကြောင်းသိရသည်။

ဖွင့်ပွဲအခမ်းအနားပြီးနောက်  တိုက်ဆိုင်စစ်ဆေးခြင်းများကို  အဆိုပါခန်းမတွင်  စတင် ဆောင်ရွက်ရာ  မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှု စစ်ဆေးခဲ့ကြောင်းနှင့်   လုပ်ငန်းများကို   သတ်မှတ်ကာလအတွင်း ပြီးမြောက်နိုင်ရေးအတွက် အဖွဲ့များတိုးချဲ့ဖွဲ့စည်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

မြို့နယ်(ပြန်/ဆက်)