ပုလော မတ်လ ၈
ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေး(လေပြင်း) အန္တရာယ် ဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့ ညနေ ၃ နာရီက ပုလောမြို့နယ် Community Centre ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Talk Show တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်အေးအေးမော်က သဘာဝဘေးအန္တရာယ်ကြောင့် လူ့အသက် အိုးအိမ်ပစ္စည်းများ ဆုံးရှုံးမှုလျော့နည်း စေရန်နှင့် သဘာဝဘေး အန္တရာယ်ကြုံတွေ့လာသော ပြည်သူများအနေဖြင့် သက်သာ ချောင်ချိရေးရရှိ စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြစောနွယ်က ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် ဘေးသင့်သူများ လတ်တလော စားဝတ်နေရေး ပြေလည်စေရန် ထောက်ပံ့ခြင်း၊ မြစ်နှင့်ပင်လယ်အတွင်း သဘာဝဘေးကြုံတွေ့မှုကြောင့် ပြည်တွင်းပြည်ပ နယ်မြေရပ်ခြားသို့ ရောက်ရှိ သွားသူများအားထောက်ပံ့ခြင်း၊ လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များကြောင့် ထွက်ပြေး တိမ်းရှောင်သူများအား ထောက်ပံ့ခြင်း၊ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ခြင်း၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများ ၊ အသိ ပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိုးကြိုကာလများတွင် ဖြစ်ပွားနိုင်သည့်လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်နိုင် သောကြောင့် မိမိနေအိမ်အဆောက်အဉီများကို လေဒဏ်ခံ နိုင်စေ ရေးအတွက် ကြံ့ခိုင်မှုကို စစ်ဆေးရန်၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်း တိုက်ခတ်ခြင်း မိုးကြိုးပစ်ခတ်ခြင်းနှင့် မိုးသီး ကြွေခြင်း များဖြစ်ပေါ်ပါက နေအိမ်အတွင်း နေထိုင်ရန် အပြင်ထွက်ခွာပါက ဆိုင်ကယ်စီးဦးထုပ်ကဲ့သို့ ဦးထုပ်အမာကို ဆောင်ရန် အဝတ်ထူထူဝတ်ဆင်ရန် လျှပ်စီးလက်နေချိန် ဖုန်းသုံးခြင်း ရှောင်ကြဉ်ရန်၊ လျှပ်စစ်ပစ္စည်းများကို ခလုတ်ပိတ်ရန်နှင့် သံ၊ သတ္တု ပစ္စည်းအနီးတွင် မနေရန်နှင့် တိမ်မည်းခြင်း လေပြင်းခြင်း မိုးသည်းထန်ခြင်း မိုးခြိမ်းပြီး အတော်ကြာမှ လျှပ်ပြက်ခြင်း အပူထုထဲတွင် လေအေးများကို ခံစားရခြင်း စသည့် မိုးသီးမုန်တိုင်း၏ လက္ခဏာများကို ဂရုပြုနှင့် ပြည်သူ လူထုအနေဖြင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက ဆက်သွယ်ရန် အရေးပေါ်ဖုန်းနံပါတ်များကိုချပြ ဆွေးနွေး ခဲ့သည်။
အေးအေးမော်(ပုလော)