တံတားဦးမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် တောင်သူများ အဆင်ပြေလျက်ရှိ

တံတားဦး  မတ်  ၈

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသည့် တောင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း တံတားဦးမြို့နယ်  ဇီးပင်ကွေ့ကျေး ဟင်းသီးဟင်းရွက်စိုက်ပျိုး လုပ်ကိုင်သည့် တောင်သူ ဦးမင်းအောင်ထံမှ သိရသည်။

ကျွန်တော်တို့အနေနဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ကန်းစွန်းရွက်၊ ချဉ်ပေါင်၊ ဆလပ်ရွက်၊ ဂေါ်ဖီထုပ်၊ မုံလာထုပ်နှင့် ပန်းမုံလာတွေကို ရေပြန်ကျပြီဆိုတာနဲ့ စစိုက်တာပေါ့။ စတင်စိုက်ပျိုးတာကတော့ အောက်တိုဘာလလောက်ကပါ။ ကန်စွန်းရွက်ဆို အခုကစရောင်းချ၇တာ နှစ်ပြန်တောင်ရှိနေပြီး၊ ပေါ်ဦးပေါ်ဖျားတုံး ကတော့ ကန်စွန်းရွက်က ဈေးရတာပေါ့၊ ကန်စွန်းရွက် တစ်စည်းကို ငွေကျပ် (၂၀၀) ရတယ်၊ ယခုအချိန်မှာ ကန်စွန်းရွက်က ပေါလာပြီဆိုတော့ တစ်စည်းကို ငွေကျပ်(၈၀)ဘဲ ရတော့တယ်။ ကန်စွန်းရွက်မျိုးစေ့တစ်ထုပ် ငွေကျပ်(၉၀၀၀)ပေးပြီးဝယ်ရတယ်၊ ဆလပ်ရွက်က မျိုးစေ့တစ်ထုပ်ကို ငွေကျပ် (၉၀၀) ကျပ်ပေးဝယ်ရပါတယ်၊ ဆလပ်ရွက်အပင်ပေါက်ကို ယခုအချိန်မှာ ငွေကျပ်(၁၀၀) ရပါတယ်။

ဟင်းသီးဟင်းရွက် အပင်တွေကြီးထွားဖို့အတွက်  ကျွန်တော်တို့အနေနဲ့သဘာဝမြေဩဇာဖြစ်တဲ့ နွားချေးနဲ့ ပုလဲဓါတ်မြေဩဇာကို ထည့်ပေးပြီးတော့ ရေသွင်း စိုက်ပျိုးရတာပေါ့၊ ဒီမှာစိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေကို ရောင်းချတဲ့အခါ တစ်ရက်ကိုငွေကျပ်(၁၅၀၀၀)မှ(၂၀၀၀၀)ကျပ်ထိရတော့ မိသားစု အပိုဝင်ငွေ ရရှိပါတယ်ဟု  တံတားဦးမြို့နယ်  ဇီးပင်ကွေ့ကျေး ဟင်းသီးဟင်းရွက်စိုက်ပျိုး လုပ်ကိုင်သည့် တောင်သူ ဦးမင်းအောင်က ဆက်လက်ပြောကြား၍ သိရသည်။

ဦးရဲတင့်