ကန်ကြီးထောင့်မြို့၌ ကျေးရွာ (၂၀)အား VDP ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

ကန်ကြီးထောင့်   မတ်   ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာ‌ရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ဖြင့် ဆောင်ရွက်မည့် ကျေးရွာ(၂၀)အား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာန ရုံးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးထွန်းနှင့် တိုင်းဒေသ ကြီး အမှတ် (၂)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူတို့က အမှာစကားပြောကြားပြီး ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်က ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းနှင့် ပက်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးထွန်း၊ ဒေါ်ခင်စောမူနှင့် တာဝန်ရှိ သူများက ကျေးရွာ (၂၀)အား တစ်ရွာလျှင် ငွေကျပ်သိန်း (၁၀၀)စီဖြင့် စုစုပေါင်း ငွေကျပ်သိန်း (၂,၀၀၀)ကို‌ ကျေးရွာ ကော်မတီဝင်များ ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ရန်ပုံငွေ ကျပ်သိန်း (၁၀၀)နှင့် ပြည်သူထည့်ဝင်တို့ဖြင့် ကျေးရွာ (၂၀)တွင် ကွန်ကရစ်လမ်း၊ ကျောက်ချောလမ်း၊ ဂဝံလမ်း ခင်းခြင်း များနှင့် ကွန်ကရစ်တံတားနှင့် စာကြည့်တိုက် တည်ဆောက်ခြင်း လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်ထံမှ သိရသည်။

နန်းထိုက် (ပြန်/ဆက်)