ငါးသိုင်းချောင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ကာယဉာဏ ဂိမ်းကစားပြိုင်ပွဲများကျင်းပ

ငါးသိုင်းချောင်း မတ်လ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့ နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ကာယ၊ဉာဏ ဂိမ်းကစားပြိုင်ပွဲများ ကျင်းပရာ အောင်ဆန်းရပ်ကွက်၊ မြို့သစ်ကုန်း (အ.မ.က)ကျောင်းမှ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လေ့လာခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လက်ထောက်မြို့နယ် ပညာရေးမှူး(ငြိမ်း) ဆရာကြီးဦးအေးစိုးက ကျောင်းသား၊ ကျောင်းသူများသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပေးခဲ့ပြီး ဆက်လက်၍ (Community Centre)ကလေးစာဖတ်ခန်း၌ မူလတန်းအဆင့် စကားပုံဆက်၊ ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ သရုပ်မှန်ပန်းချီဆွဲပြိုင်ပွဲ၊ သဏ္ဍာန်လုပ် သရုပ်ဖော်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ အစရှိသည့် ကာယ၊ဉာဏ ဂိမ်းကစားပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားရှိသည့် သုတ၊ ရသ စာအုပ်စာပေ၊ ကလေးစာပေများကို ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများက ကြည့်ရှုလေ့လာခဲ့ကြသည်။

ထို့နောက် စကားပုံဆက်ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ပေးခဲ့ပြီး အဆိုပါဟောပြောပွဲ ပြပွဲ၊ ပြိုင်ပွဲများသို့ (အ.မ.က)မြို့သစ်ကုန်းရှိ မူလတန်း ကျောင်းသား၊ ကျောင်းသူ (၂၀)ဦး တက်ရောက်လေ့လာ၊ ယှဉ်ပြိုင်၊‌ လေ့ကျင့်ခဲ့ကြောင်း သိရသည်။ ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ အတတ်ပညာ ဗဟုသုတိုးပွားလာစေရန်၊ အရေး၊ အဖတ်၊ အ‌ပြောစွမ်းရည် တိုးတက်လာစေရန်နှင့် ကာယ၊ ဉာဏစွမ်းရည် တိုးတက်လာစေရန် မိမိတို့ဌာန၊ သက်ဆိုင်ရာ (Club)အသင်းအဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမများ၊ မြို့မိမြို့ဖများနှင့် ယခုကဲ့သို့ ပူးပေါင်းစီစဉ် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးမှူး ဒေါ်နှင်းယုဝေက ပြောကြားခဲ့ကြောင်း သိရှိရသည်။

စိုးမင်းဦး