သီပေါ မတ် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်ပိုင်းက တိုင်းရင်းဆေးပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် ရွှေကျောင်းရပ်ကွက် များသို့သွားရောက် ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် သီပေါမြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနများနှင့် ရွှေကျောင်းရပ်ကွက်များသို့ ယခင်ငှားရမ်းပေးထားသော စာအုပ်များအား ပြန်လည် သိမ်းဆည်းပြီး ယခုအပတ်တွင် သုတ၊ ရသ စာအုပ်များကို တစ်နေရာလျှင် (၄၅)အုပ်ခန့် အသစ်ပြန်လည် လဲလှယ်ငှားရမ်းပေးခဲ့ကြောင်းနှင့် ထိုသို့ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းကိုသိရှိစေရန်၊ စာပေဖတ်ရှုမှု ပိုမိုမြင့်မား လာစေရန်နှင့် အလုပ်တာဝန်များကြောင့် မအားမလပ်ဖြစ်နေသူများ၊ အချိန်မရှိ၍ စာအုပ်စာပေများ လာရောက် မငှားရမ်းနိုင်သည့်သူများအတွက် ရည်ရွယ်၍ သွားရောက် ငှားရမ်းပေး ခြင်းဖြစ်ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို သီပေါမြို့နယ် ပြန်/ဆက် ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များသို့ အလှည့်ကျသွားရောက် ငှားရမ်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)