ကျေးသီး မတ် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ (၆)လတာ ဘဏ္ဍာရေးနှစ် ကာလအတွင်း ပြည်နယ်ရန်ပုံငွေဖြင့် ထပ်တိုး အကောင်အထည်ဖော် ဆောင်ရွက်သည့် မိုင်းနန်းကျေးရွာအုပ်စု၊ ဝမ်နားကျေးရွာတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ အဆိုပါကျေးရွာသို့ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးသီးမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးအေးနိုင်၊ စီမံကိန်းတာဝန်ခံ ဦးမောင်ခိုင်နှင့် အင်ဂျင်နီယာဝန်ထမ်းများက ဝမ်နားကျေးရွာတွင် အလျား ၁၉ ပေ၊ အနံ ၁၄ ပေ၊ အမြင့် ၉ ပေရှိ ကျေးရွာတွင်း သံဘောင်ယက်မ ကွန်ကရစ် တံတားတည်ဆောက် နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ဖွံ့ဖြိုးရေးကော်မတီဝင်များနှင့် တွေ့ဆုံကာလိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့သည်။
ဝမ်နားကျေးရွာတွင် အဆိုပါ လုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းပံ့ပိုးရန်ပုံငွေ ကျပ်(၁၀ )သန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေ ကျပ်( ၃ ဒဿမ ၂၆ )သန်း၊ စုစုပေါင်း ငွေ ကျပ် (၁၃ ဒဿမ ၂၆) သန်း၊ ဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အကျိုးပြုအိမ်ခြေ (၅၇) အိမ်၊ လူဦးရေ (၄၄၈) ဦးအတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးနိုင်ထံမှ သိရသည်။
နန်းမွမ်းဆိုင်(ကျေးသီး)