မိုးမောက်မြို့တွင် တိုင်းရင်းဆေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်

မိုးမောက် မတ်လ ၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ Community Centre ခန်းမ၌ တိုင်းရင်းဆေးဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လွန်းနန်းထွေးက ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့် ကိုဗစ်ကာလတွင် တိုင်းရင်းဆေးကုဌာနမှ ပြည်သူများအတွက် ကျန်းမာရေးအသိပညာပေး စောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ ဆေးကုသပေးခြင်းလုပ်ငန်းများ အကြောင်းကို မေးမြန်းရာ တိုင်းရင်းဆေးကုဌာန မြို့နယ်တာဝန်ခံ ဆရာမကြီး ဒေါ်ကြည်ကြည်ဝင်းက လူတိုင်းသက်တမ်းစေ့ ကျန်းမာစွာနေနိုင်ရေးနှင့် ကိုဗစ်ကာလတွင် တစ်လလျှင်နှစ်ကြိမ် ရပ်ကွက်ကျေးရွာများသို့ အခမဲ့ဆေးကုသပေးခြင်း၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ သက်ကြီးရွယ်အိုများအား အိမ်တိုင်ရာအရောက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းနှင့် ပြည်သူများအစားအသောက် အနေအထိုင် ဆင်ခြင်ရန်၊ ဆီးချိုရောဂါနှင့် ကင်ဆာရောဂါ အဖြစ်များခြင်းကြောင့် အခါးဓာတ်ပါသော အစားအစာများ သတ္တုရည်၊ ပြုတ်ရည်များ စားသုံးပေးသင့်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

နောင်အပတ်များတွင်လည်း တတ်သိပညာရှင်များနှင့်ပူးပေါင်း၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အလို့ငှာ Talk Show များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)