မိုင်းငေါ့ မတ်လ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac အမျိုးအစားကို မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ပထမအကြိမ် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံသူ ကျား (၇) ဦး၊ မ (၁၃) ဦး၊ စုစုပေါင်း (၂၀) ဦးတို့အား မိုင်းငေါ့မြို ဈေးရပ်ကွက် ဘုန်းတော်ကြီးကျောင်းရှိ အတုလဇေယျာဆောင် ဓမ္မာရုံတွင် တိုက်နယ်ကျန်းမာရေးဌာနမှ ဆရာမ ဒေါ်ခင်မျိုးဦးနှင့် အဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေး ခဲ့ကြပါသည်။
ကာကွယ်ဆေးမထိုးနှံမီ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း များစစ်ဆေးပြီးမှ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးပြီးပါကလည်း နာရီဝက်ခန့် စောင့်ကြည့်ပေးမှာ ဖြစ်ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)