တနင်္သာရီ မတ်လ ၈
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်တို့သည် ယနေ့ နံနက် ၈နာရီ ၄၅အချိန်က တနင်္သာရီ မြို့-ချောင်းငယ်ရပ်ကွက်-ချောင်းငယ်ကျောင်းတိုက်အတွင်းရှိ ရှေးဟောင်းသမိုင်း ဝင်နန်းဦး စေတီအားဆီမီး၊ ရေချမ်းများ၊ အမွှေး နံ့သာများ ဆက်ကပ်ပူဇော်ပြီး ပရဝုဏ်အတွင်းနှင့် ရှေးဟောင်းသမိုင်းဝင်ရာဇမင်္ဂလာကန်တော်အား လှည့်လည်ကြည့်ရှုကြရာ မြို့နယ်စာရေး ဆရာအသင်း ဥက္ကဋ္ဌသမိုင်းကြောင်းနှင့်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များအားအစဉ်ဆက်ဆက် ထိန်းသိမ်းလာမှုများကို ရှင်းလင်းတင်ပြပေးသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချောင်းငယ်ကျောင်းတိုက် ဦးစီးနာယကဆရာတော် ဘဒ္ဒန္တသံဝရ အားဖူးမြော်ကြည်ညိုကြ၍ ချောင်းငယ်ကျောင်းတိုက် အတွင်း တည်ဆောက်လျက်ရှိသည့် သုခိတာဘောဇန (၂)ထပ်ဆွမ်းစားဆောင်ဆောက်လုပ်ရန်အတွက် အလှူငွေနှင့်လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းပေးကြကြောင်း သိရှိရသည်။
ယင်းနောက်ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့်အဖွဲ့သည် တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ကုသရေးလုပ်ငန်းများတွင် အသုံးပြုမည့် Oxygen Plant ထားရှိရန်ဆေးရုံဝင်းအတွင်း သံကူကွန်ကရစ်(၁)ထပ်အဆောက်အဦ (၂၅ပေ၊၃၀ပေ၊၁၅ပေ) အမျိုးအစားတည်ဆောက်မည့် မြေနေရာနှင့် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်၊ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူဒေါက်တာ အောင်သိုက်ထွန်းနှင့်မြို့နယ်လမ်းဦးစီးဌာနဦးစီးအရာရှိ ဦးကျော်သီဟတို့က စီမံဆောင်ရွက်ထားရှိမှုနှင့်ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို တင်ပြရာ ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်တို့ကလိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တနင်္သာရီမြို့နယ်အောက်ဆီဂျင်စက်ရုံအား တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၏ အထွေထွေပိုလျှံရန်ပုံငွေ (GRF)ငွေလုံးငွေရင်း ရန်ပုံငွေတန်ဖိုး (၂၂ဒဿမ၂၇၀)ကျပ်သန်းဖြင့် တိုင်းဒေသကြီးလမ်းဦးစီးဌာနမှလည်းကောင်း၊ ၎င်းအောက်ဆီဂျင်စက်ရုံသို့လျှပ်စစ်မီးသွယ် တန်းခြင်းလုပ်ငန်းအတွက် တန်ဖိုး ငွေ ကျပ် (၂၅ဒဿမ၄၉၀)ဖြင့် တိုင်းဒေသကြီးလျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှလည်း ကောင်းတာဝန်ယူတည်ဆောက်ပေးသွားမည်ဖြစ် ကြောင်း သိရှိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုမှတနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံအတွင်း ကုသမှုခံယူလျက်ရှိသည့် လူနာများအတွက်ထောက်ပံ့ပေးသည့် မေတ္တာ လက်ဆောင်များကို ဝန်ကြီးချုပ်(ကိုယ်စား) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်နှင့် တာဝန်ရှိသူများက လူနာများထံ လက်ဝယ်အရောက် သွားရောက်၍ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)