မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ခုနှစ်ရွာတွင် တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် မြေသား ရေကန် တူးဖော်ခြင်းနှင့် ရေစက်ရုံ၊ ရေစင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်

မိတ္ထီလာ   မတ်လ  ၉

မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ခုနှစ်ရွာတွင် ၂၀၂၁-၂၀၂၂ ခု ခြောက်လ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် မြေသားရေကန်  တူးဖော်ခြင်းလုပ်ငန်းနှင့် ရေစက်ရုံ၊ ရေစင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များရှိ ကျေးရွာများမှ ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေစေ ရေး ၂၀၂၁-၂၀၂၂ ခု ခြောက်လ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသ ကြီးဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်  ၄၉.၇၁၉၃  သန်းဖြင့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ စတင်၍ မြေသားရေကန်  တူးဖော်ခြင်းလုပ်ငန်း နှင့် ရေစက်ရုံ၊ ရေစင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက် လျက်ရှိရာတွင် မိတ္ထီလာ မြို့နယ် အတွင်းရှိ ဂွေ့အိုင်ကျေးရွာတွင် အလျားပေ   ၂၅၀ ၊ အနံ ၅၅ ပေ ၊အနက် ၅ ပေရှိ မြေသား ရေကန်တူးဖော်ခြင်းလုပ်ငန်းနှင့် လက်နှိပ် တုံကင် နှစ်စုံ တပ်ဆင်ခြင်း လုပ်ငန်းများနှင့်  သီးပင်ကုန်းကျေးရွာ အုပ်စု ပန်းဒွေးကျေးရွာတွင်  အလျား ၅ ပေ ၊ အနံ ၅ ပေ ၊ အမြင့် ၇ ပေရှိရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်း၊ အိမ်သုံးမီတာမီးလိုင်းသွယ်တန်းခြင်း၊ တွင်းဆေးတွင်းမှုတ်ခြင်းနှင့် မော်တာ၊ ကွန် ပရက်ဆာ တပ်ဆင်ခြင်း  လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် သာစည်မြို့နယ်တွင် ထူးတွင်းကျေးရွာတွင် အလျား ပေ ၁၃၀၊ အနံ ပေ ၁၁၀၊ အနက် ၄ ပေရှိ မြေသားရေကန် တူးဖော် ခြင်း၊ အရှည် ပေ ၅၄၀ ရှိ ခြံစည်းရိုးကာရံခြင်း၊ လက်နှိပ်တုံကင် နှစ်စုံ တပ်ဆင်ခြင်းလုပ်ငန်းများ၊ မုန်တောကျေးရွာတွင် အလျား ပေ ၁၅၀၊ အနံ ပေ ၁၄၀ ၊ အနက် ၅ ပေရှိ မြေသားရေကန်တူးဖော်ခြင်း၊ လက်နှိပ်တုံကင် လေးစုံ တပ်ဆင်ခြင်းလုပ်ငန်း များနှင့် ကျောက်ပနား ကျေးရွာတွင် ဂါလံ ၂၄၀၀ဆံ့ ရေစင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောက်လျက်ရှိသည်။ ယင်း အပြင် ဝမ်းတွင်း မြို့နယ် ညောင်တိုကျေးရွာတွင် အလျား ပေ ၁၀၀ ၊ အနံ ၇၅ ပေ ၊ အနက် ၆ ပေရှိ မြေသားရေကန်တူးဖော်ခြင်း၊ အရှည်  ပေ ၄၄၀၊ အမြင့် ၅ ပေရှိ ခြံစည်းရိုး ကာရံခြင်းနှင့် လိန်ပင်ကျေးရွာတွင် အလျား ပေ ၁၅၀ ၊အနံ ၉၅ ပေ၊ အနက် ၆ ပေရှိ မြေသား ရေကန် အနက်နှိုက်တူးဖော်၍ တာဘောင်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)