သီပေါ မတ် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်လွှဲပိုင်းက လူငယ်အသင်း (Youth Club)အဖွဲ့ဝင်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်း များ ရရှိလာစေရန်၊ စာပေမှရရှိသည့်အသိပညာ ဗဟုသုတများကို သူတစ်ပါးအား ပြန်လည်မျှဝေနိုင်စေရန်နှင့် ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန်ရည်ရွယ်၍ စာရေးသူ ချစ်နိုင် (စိတ်ပညာ) ရေးသားထားသည့် “တန်ဖိုးရှိလှလူငယ်ဘဝ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာဖတ်ဝိုင်းကို ဆက်လက် ဆောင်ရွက်ရာ မြို့နယ်ဦးစီးမှူးက ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး လူငယ်အသင်း (Youth Club)အဖွဲ့ဝင်များဖြစ်သည့် နန်းဆိုင်အေး၊ နန်းကြည်ကြည်ဌေး၊ စိုင်းအောင်ထွန်း၊ စိုင်းကွမ်းလျန်းတို့က စာအုပ်ပါအကြောင်းအရာများအနက် မိမိတို့ကြိုက် နှစ်သက်ရာ ခေါင်းစဉ်တစ်ခုခြင်းအလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)၊ အမျိုးသမီး အသင်း(Women Club)၊ လူငယ်အသင်း(Youth Club)စသည့် အသင်းအဖွဲ့များ၊ စာပေဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ စာရေးဆရာများနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)