ဆီဆိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

ဆီဆိုင်  မတ်  ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင်     ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်)သည် မြို့ဝင်၊ မြို့ထွက် ဂိတ်များတွင် ဝင်ရောက်လာသူများမှ တဆင့် ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီ က ဆီဆိုင်မြို့အဝင်ဂိတ်၌  အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက် ရှိသည်။

ထိုသို့ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအောင်မိုးခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စာရေးတို့က ဆီဆိုင်မြို့အဝင်ဂိတ်တွင် ဖြတ်သန်းသွားလာသော ရဟန်းရှင်လူမိဘ ပြည်သူများအား အပြင်ထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်ပြီးသွား လာကြစေရေးအတွက် အသိပညာပေး ပြောကြားပြီး၊ လက်သန့်ဆေးရည်ဖြင့် စနစ်တကျလက်ကို ဆေးကြောပေးခြင်း၊ အပူချိန်တိုင်း ကိရိယာဖြင့် ကိုယ်အပူချိန်များ တိုင်းတာစစ်ဆေးပေးခြင်း၊ ရပ်ဝေးမှ ဝင်ရောက်လာသည့် ပြည်သူများအား စနစ်တကျ မှတ်တမ်း ကောက်ယူခြင်းနှင့် နှာခေါင်းစည်းမပါသော မိဘပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)