ထားဝယ် မတ် ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင်ဆောင်ရွက်မည့် ဖောင်းတောကြီး ချောင်းရေအားလျှပ် စစ်စီမံကိန်းနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအတွက် စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သူများနှင့် ကျေးရွာအဆင့် (ဒုတိယအကြိမ်) တွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဖောင်းတော မီးစက်ကျေးရွာ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် Pan Theingi Energy Co., Ltd မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒေါက်တာစိုးမိုးက ကုမ္ပဏီ မှဆောင်ရွက်နေသည့် လုပ်ငန်းများအားရှင်းလင်းဆွေးနွေးပြောကြားပြီး ဒါရိုက်တာ ဦးဟန်ဆွေဦးက စီမံကိန်းအကြောင်းအရာနှင့် လက်ရှိဖောင်းတောရေ အားလျှပ်စစ်စက်ရုံအခြေအနေ တို့ကို ရှင်းလင်း တင်ပြသည်။
ထို့နောက် Environmental Compliance Consultancy Co., Ltd မှ အတိုင်ပင်ခံအရာရှိ ဦးအောင်ကောင်းမြတ်နှင့် ဒေါ်မြတ်မွန်ဆွေတို့က ကုမ္ပဏီမှဆောင်ရွက်နေသောလုပ်ငန်းများအကြောင်း၊ လိုက်နာရမည့်ဥပဒေများနှင့်စံချိန်စံညွှန်းများ၊ စီမံကိန်းအမျိုးအစားနှင့်အရွယ်အစားသတ်မှတ်ချက်၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း၏ရည်ရွယ်ချက်နှင့် ထိခိုက်မှုဆန်းစစ်ခြင်း အဆင့်များ၊ လေ့လာ ဆန်းစစ်မည့် လွှမ်းခြုံဧရိယာ၊ ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် အခြေခံစစ်တမ်းကောက်ယူရခြင်း ရည်ရွယ်ချက်၊အခြေခံစစ်တမ်းကောက်ယူမည့်အစီအစဉ်များနှင့် သဘာဝပတ်ဝန်းကျင်အခြေအနေ ဆန်းစစ်လေ့လာခြင်း ဆောင်ရွက်ထားရှိမှု အခြေအနေများအားရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အတိုင်ပင်ခံအရာရှိ ဒေါက်တာညိုညိုလွင်မှ ဇီဝမျိုးစုံမျိုးကွဲအခြေအနေ ဆန်းစစ်လေ့လာခြင်း ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အတိုင်ပင်ခံအရာရှိ ဒေါ်မြတ်မွန်ဆွေက လူထုတွေ့ဆုံပွဲ ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်၊ လေ့လာဆန်းစစ်မည့် ကျေးရွာများ၏လူမှုစီးပွားစစ်တမ်း ကောက်ယူခြင်း၊ လူမှုဝန်းကျင်အခြေအနေ၊ ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းမှ ယေဘူယျ အကျိုး သက်ရောက်မှုများ၊ စီမံကိန်းကြောင့် အဓိကထိခိုက်သက်ရောက်နိုင်မှုနှင့် လျော့ချနိုင်မည့်နည်းလမ်းများ၊ ဆက်စပ် သက်ရောက်နိုင် မှု ဆန်းစစ်ခြင်းများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် ဒေသခံပြည်သူများ၊ စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သူများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာ တာဝန် ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။
ရွှေပင်လယ်(ထားဝယ်)