ထားဝယ် မတ် ၉
“စဉ်ဆက်မပြတ်တိုးတက်ဖို့ ကျား/မတန်းတူညီမျှစို့”ဟူသောဆောင်ပုဒ်နှင့်အညီ ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်စားလူမှုရေးရာဝန်ကြီးဦးယဉ်ထွေးကနိုင်ငံတော်အစိုးရသည်အမျိုးသမီးများ၏ဖွံ့ဖြိုးတိုးတက်ရေးကို တက်ကြွစွာဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီကို၁၉၉၆ ခုနှစ်တွင်ဖွဲ့စည်းပေးခဲ့ပါ ကြောင်း၊ ကော်မတီအနေဖြင့် မြန်မာ အမျိုးသမီးထုကြီးအားလုံး၏ အခွင့်အရေးများ အပြည့်အဝရရှိခံစားနိုင်စေရေး၊ နိုင်ငံတကာနှင့် ထားရှိသော ကတိကဝတ်များ၊ စီမံချက်များကို အကောင်အထည်ဖော် နိုင်ရန်အတွက် ဆက်စပ်ဝန်ကြီး ဌာနများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများပါဝင်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီကို အစိုးရ၏ ခေတ်စနစ်များ ပြောင်းလဲလာသည်နှင့် အညီ ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ တိုင်းဒေသကြီး အမျိုးသမီး ကော်မတီအနေဖြင့် အမျိုးသမီးများနှင့်အမျိုးသားကြား လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှုများအပေါ်အခြေခံပြီး ဖြစ်ပေါ်လာသော နောက်ဆက်တွဲသားဖျက်ခြင်း၊ မွေးကင်းစ ကလေးများစွန့်ပစ်ခြင်းမှကာကွယ်တားဆီးရေးလှုပ်ရှားမှု အစီအစဉ်များကို ထိထိရောက်ရောက်ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသမီးရေးတက်ကြွစွာ လှုပ်ရှားနေသော ပြည်တွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာအမျိုးသမီးများသည် မြန်မာ့သမိုင်းတစ်လျှောက် အမျိုး,သားရေး စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စု စိတ်ဓာတ် ထွန်းကားပြန့်ပွားအောင်စံနမူနာအဖြစ်ကြိုးပမ်းရာတွင်လည်းကောင်း၊ မြန်မာ့ လူ့ဘောင်ရှင်သန်ဖွံ့ဖြိုး တိုးတက်မှုကိုဆောင် ရွက်ရာတွင်လည်းကောင်း၊ နောင်တစ်ခေတ်၏ ခေါင်းဆောင်များဖြစ်သော မျိုးဆက်သစ်လူငယ်များကို ပြုစုပျိုးထောင်ပေးရာ တွင်လည်းကောင်းကျရာ တာဝန်များကိုကျေပွန်စွာပါဝင်ဆောင်ရွက်လျက်ရှိကြ သော မြန်မာအမျိုး သမီးထုကြီး၏ စွမ်းပကားကိုယခုလို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ဂုဏ်ပြုမှတ်တမ်းတင်နိုင်ခြင်း သည် မြန်မာအမျိုး သမီးတိုင်းအတွက် အထူးဂုဏ်ယူကျေနပ်အားရဖွယ်ဖြစ်ပါကြောင်းပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးအမျိုးသမီးကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းက အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားပြီး မူလတန်းကြိုကျောင်းမှ ရင်သွေးငယ် လေးများက မင်္ဂလာပါသီချင်းဖြင့်လည်းကောင်း၊ ကိုယ်ကာယအလှဖြင့်လည်းကောင်း၊ ကျေးဇူးတင်ပါတယ် သီချင်းဖြင့်လည်း ကောင်း ဖျော်ဖြေတင်ဆက်ကြရာ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တက်ရောက်လာ သော ဧည့်သည်တော်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)