မိုးကုတ် မတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် အသက်(၁၈)ပြည့်ပြီးသူများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ တစ်မြို့နယ်လုံး ရာခိုင်နှုန်းပြည့်မီအောင် ထိုးနှံနိုင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများ ဦးဆောင်၍ ရပ်ကွက်ကျေးရွာများ အတွင်းကွင်းဆင်းကာအရှိန်အဟုန်မြင့် ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရှိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာများတွင် အသိပညာပေးလိုက်လံ နှိုးဆော်ခြင်း၊ အဖွဲ့များခွဲ၍ စုရပ်များတွင်ထိုးနှံပေးခြင်း၊ လူစည်ကား သောနေရာများတွင် ထိုးနှံပေးခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် လာရောက်မထိုးနိုင်သူများအား အိမ်တိုင်ရာရောက် လိုက်လံ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မိုးကုတ်မြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံရန်လျာထားဦးရေမှာ( ၁၃၉၀၉၂)ဦးဖြစ်ပြီး ၂၀၂၂-ခုနှစ်၊ မတ်လ(၈)ရက်နေ့အထိ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ(၆၆၄၉၈)ဦး၊ ဒုတိယ အကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ(၆၁၂၁၇)ဦးထိုးနှံပြီးဖြစ်သည်။
ဆေးထိုးရန်ကျန်သူ(၇၂၅၉၄) ဦးရှိပြီး သတ်မှတ်ကာလအတွင်း ရာခိုင်နှုန်းပြည့်မီနိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
နန်းခွာညိုနှင်း