ဒယ်ပုတ်ကွင်းကျေးရွာ အုပ်စုတွင် စွမ်းအားမြှင့် မီးဖို ၁၅၃၄ လုံးကို ကျေးရွာ အရောက် (အခမဲ့) ဖြန့်ဝေပေး

အင်္ဂပူ   မတ်  ၁၇

သစ်တောပြုန်းတီမှု ကာကွယ်‌‌စေရေး၊ လောင်စာလျှော့ချရေး၊ ကာဗွန်လျှော့ချရေး၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးကို ရည်ရွယ်၍ စိုက်ပျိုးရေး ဦးစီးဌာနနှင့် ကိုရီးယား ရာသီဥတုပြောင်းလဲမှု ဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်သော စွမ်းအားမြှင့် မီးဖိုများ ဖြန့်ဖြူးခြင်းနှင့် စီမံကိန်းအကောင်အထည်ဖော်မည့်သူများအား မီးဖိုပေးအပ်ပွဲ ကို ယနေ့ နံနက် ၁၀ နာရီက ထန်းပင်ကုန်းကျေးရွာ၊ ထန်းပင်ကုန်းခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

အခမ်းအနားတွင်  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ဗိုလ်ဇင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးသီဟတို့က အမှာစကား ပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်စန်းက စွမ်းအားမြှင့် မီးဖိုများ ပေးအပ်ရခြင်းနှင့် အသုံးပြုပုံများအား ရှင်းလင်း ပြောကြား ခဲ့သည်။ ထို့နောက် စွမ်းအားမြှင့် မီးဖိုများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဒုမြို့နယ် အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိ သူများကပေးအပ်ရာ ကျေးရွာပြည်သူများက လက်ခံရယူခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး  လွှတ်တော် ကိုယ်စားလှယ် ဦးဗိုလ်ဗိုလ်ဇင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးသီဟနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြောင်းနှင့် ဒယ်ပုတ်ကွင်း ကျေးရွာအုပ်စု အတွင်းရှိ‌ ကျေးရွာများမှ‌ အိမ်ထောင်စုများအား စွမ်းအားမြှင့်မီးဖို ၁၅၃၄ လုံးအား (အခမဲ့) ကျေးရွာအရောက် ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)