ကျောက်ဆည် မတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ စာရေး ဆရာခင်စောတင့်ရေးသားသည့် “စိတ်ကိုလှပအောင် ပြင်နည်း” စာအုပ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်ပြည်သူ့ စာကြည့်တိုက် လူထု အခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စာဖတ်ဝို်ငးတွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ပရိသတ်များ အသိပညာ ဗဟုသုတများ ပိုမိုတိုးပွားစေရန်၊ မိတ်ဆွေ အပေါင်းအသင်းများတိုးပွားစေရန်၊ စာဖတ်ဝါသနာပါသူများနှင့် စာပေကိုချစ်မြတ်နိုးသူများအချင်းချင်း တစ်ဦးနှင့် တစ်ဦး၏အတွေးအခေါ်များကို အပြန်အလှန်ဆွေးနွေးပြီး အတွေးအခေါ်သစ်များရရှိစေရန် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ခြင်းဖြစ် ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာ မောင်ခိုင်ကျော် (ကျောက်ဆည်)က စာရေးဆရာ ခင်စောတင့်ရေးသားထားသည့် “စိတ်ကိုလှပအောင် ပြင်နည်း” စာအုပ်ပါအကြောင်းများဖြစ်သည့် ခရီးထွက်ပါက ဘယ်ကို သွားရမည်ဆိုသည်ကို အသေအချာ သိထားရမည် ဖြစ်ကြောင်း၊ သတိရှိပါက လုပ်သောအလုပ်များသည် ကြည်လင်ပြတ်သားလာပြီး အကျိုးကျေးဇူးများ ပြားလာမည်ဖြစ်ကြောင်း၊ သတိရှိခြင်းသည် အလွန်ရိုးရှင်းသော တရားအားထုတ်နည်း တစ်မျိုးဖြစ်ကြောင်း၊ သတိရှိခြင်းသည် နည်းစနစ်အဆင့်ဆင့်ဖြင့် စိတ်ကျရောဂါကို ကုသပေးနေသော ကုထုံး၏ အဓိကအချက် အခြာဖြစ်ကြောင်းဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး ဦးစီးအရာရှိဒေါ်ခင်နှင်းရီက လမ်းလျှောက်ထွက်ခြင်းသည် အလွန်ကောင်းသော လေ့ကျင့်ခန်း တစ်မျိုးဖြစ်ကြောင်း၊ သတိရှိခြင်းက မိမိကိုယ်မိမိ မသိဘဲ ကြောက်ရွံ့နေမှုများကို ရင်ဆိုင်နိုင်ရန် အထောက်အကူပြုကြောင်း၊ ပြသနာတစ်ခုကိုဖြေရှင်းရန် အလွန်အမင်းကြိုးစားပါက ပို၍ဆိုးဝါး နိုင်သဖြင့် သတိ ထားကာဖြေရှင်းကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသသည့် စာပေချစ်မြတ်နိုးသူများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေး ပြောကြားခဲ့ကြောင်းသိရှိရ သည်။
သက်မောင်