ရပ်စောက် မတ် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာမည့် အသက်(၂)နှစ် အောက် ကလေးသူငယ်များ ငွေကြေးထောက်ပံ့ခြင်း (MCCT)အကြောင်း သိကောင်းစရာအသိပညာပေး Online ဆွေးနွေး ပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခိုင်ခိုင်ထွေးက ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာမည့် အသက်(၂)နှစ်အောက် ကလေးသူငယ်များ ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်(MCCT)ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းအစီအစဉ်တစ်ခုလည်းဖြစ်ကြောင်း၊ လူ့ဘဝအစရက် (၁၀၀၀)အတွင်း အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များပြည့်မီ၍ ကလေးသူငယ်များ၏ ဦးနှောက်နှင့် ခန္ဓာကိုယ်ကောင်းစွာဖွံ့ဖြိုးတိုးတက်စေရန် အဓိက ရည်ရွယ်၍ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းနှင့် ရက်(၁၀၀၀)၏အရေးကြီးပုံ၊ MCCT Programme မှထောက်ပံ့ကြေးငွေကို လျှောက်ထားနိုင်မည့်သူများအကြောင်း၊ MCCT မှထောက်ပံ့ကြေးငွေ ထုတ်ပေးမည့်အစီအစဉ်များအကြောင်းကို အကျယ် တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ရပ်စောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာမည့် အသက်(၂)နှစ်အောက် ကလေးသူငယ်များကို လစဉ်ကျပ်(၁၅၀၀၀)ကို (၃)လတစ်ကြိမ် ထုတ်ပေး သွားမည်ဖြစ်ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် Mini ဘတ်ဂျက်တွင် မြို့နယ်အတွင်း ကိုယ်ဝန်ဆောင် မိခင်(၂၆၃၆)ဦးနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်(၁၃၄၅)ဦး အတွက် ထောက်ပံ့ကြေးငွေ ကျပ်သိန်းပေါင်း(၁၇၀၀)ကျော်ကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဆုမွန်(မြို့နယ်ပြန်/ဆက်)