နေပြည်တော် မတ် ၁၀
စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူ အချင်းချင်းဖလှယ် ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ချစ်ဦးညို ရေးသားသည့် တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ စာအုပ်ဖြင့် ယနေ့နံနက် ၁၀ နာရီတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပဆွေးနွေးသည်။
ရှေးဦးစွာ နေပြည်တော်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး(တာဝန်ပေး) ဒေါ်သင်းသင်းဇင် က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကဗျာဆရာ ဦးခင်မောင်ချို (ကိုချိုစံ)၊ စာရေးဆရာများ၊ စာရေး ဆရာမများ ဖြစ်ကြသည့် ဦးဟန်ညွန့် (ဟန်ညွန့်-ယဉ်ကျေးမှု)၊ ဦးကျော်သန်း(ကိုရင်ကျော်)၊ ဦးမောင်မောင်တာ(သဘာဝ)၊ ဦးရန်နိုင် (ခိုင်မင်း-နေပြည်တော်)၊ ဒေါ်ခင်ငြိမ်းအေး(မေချို- ပျဉ်းမနား)၊ ဦးရဲလင်းအောင် (မောင်လေပြေ-တောင်တွင်း)၊ ဦးလင်းထွဋ် (ကိုလင်း-အညာမြေ)၊ ဒေါ်နှင်းနှင်းလွင် (လုံမငယ်)တို့က စာရေးဆရာ ချစ်ဦးညို ရေးသားသည့် တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ စာအုပ်တွင် ပါဝင်သည့် အကြောင်းအရာအချက်အလက်များကို မိမိတို့၏ သဘောထားအမြင်များ၊ သုံးသပ်ချက်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)