စဉ့်ကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း လက်မှတ်ရှိ/မရှိ စစ်ဆေးခြင်းနှင့်ကာကွယ်ဆေး ထိုးနှံပေးခြင်းများဆောင်ရွက်

စဉ့်ကူး      မတ်     ၁၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင်  ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်၊  ထိန်းချုပ်၊ ကုသနိုင်ရေး အတွက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း လက်မှတ် ရှိ/မရှိစစ်ဆေးခြင်းနှင့် ကာကွယ်ဆေး မထိုးနှံရသေးသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို စဥ့်ကူးမြို့နယ် လက်ပန်လှကျေးရွာအုပ်စု ပင်လယ်ကြီးကျေးရွာ၊ ရွှေပန်းတောကျေးရွာနှင့် ရေပြာအိုင်ကျေးရွာတို့တွင် ယနေ့ နံနက် ပိုင်းအချိန်မှ ညနေပိုင်းအချိန်ထိ  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့ (၃)ဖွဲ့ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီး ကြောင်း လက်မှတ်ရှိ၊ မရှိစစ်ဆေးပြီး ကာကွယ်ဆေးမထိုးနှံရသေးသူများကို  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ​သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသနှင့် ဝေးလံခက်ခဲသော ဒေသများတွင် နေထိုင်သည့် မိဘပြည်သူများ အပါအဝင် မည်သူတစ်ဦး တစ်ယောက် မှ မကျန်ရစေဘဲ အသက် ၁၈ နှစ်နှင့်အထက် မိဘပြည်သူများနှင့် အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာ ကျောင်းသူ/ကျောင်းသားများ အပါ အဝင် ဦးတည်အုပ်စုအားလုံးကို ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပေးနိုင်ရေးကို အရှိန်အဟုန်မြှင့်တင် အလေးထား ဆောင်ရွက် လျက်ရှိပါ၍ ကာကွယ်ဆေးမထိုးနှံရသေးသော မိဘပြည်သူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်ပြီး  ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးရေးကို အလေးထား၍ တက်ကြွစွာ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်း နှိုးဆော်ထား​​ကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)