ရမည်းသင်းခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြသပွဲကျင်းပ

ရမည်းသင်း    မတ်   ၁၀

ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ အထက်တန်း ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများပူပေါင်း၍ ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသပွဲနှင့်စာအုပ်စာစောင်ပြသပွဲကို ယနေ့ နံနက်(၁၀) နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရမည်းသင်းခရိုင် ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာသိကောင်စရာများ၊ ကလေးအလုပ်သမား ပပျောက်ရေး ရည်မှန်းချက်များနှင့် ကလေးအလုပ်သမားပပျောက်ရေး အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည့် အချက်များ၊ နိုင်ငံတော်အနေဖြင့် ကလေး အလုပ်သမား ပပျောက်ရေးအတွက် အလေးထားဆောင်ရွက် နေမှု များနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်းအတွင်း ကလေးအလုပ် သမားပပျောက်ရေး နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များ ကိုပြသထားရာ  တက်ရောက် လာသည့် ဆရာ၊ဆရာမများ၊ကျောင်းသား၊ ကျောင်းသူများကစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု ခဲ့ကြောင်းသိရသည်။

ဇော်ဝင်းအောင်