သာစည် မတ် ၁၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် မိုးကြိုချည်မျှင်ရှည်ဝါ ဧက ၁၈၀၀ စိုက်ပျိုးရန်လျာထားပြီး ယမန်နေ့ကအထိ ၅၀၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းနှင့် မတ်လကုန်တွင် လျာထားချက် ပြည့်မီအောင်စိုက်ပျိုးသွားမည် ဖြစ် ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
စိုက်ပျိုးပြီးစီးသည့် ၅၀၉ ဧကတွင် ရွှေတောင် ၈ ဝါမျိုး ၁၈၆ ဧကနှင့်ရွှေတောင် ၁၀ ဝါမျိုး ၃၂၃ ဧကတို့ဖြစ်ပြီးစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်စေရေး စနစ်တကျဖြင့် စိုက်ပျိုးနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ စိုက်ပျိုးပြီးစီးသည့် ၅၀၉ ဧကကိုမင်းလှကန်ရေနှင့်ညောင်ရမ်းကန်ရေတို့ဖြင့် စိုက်ပျိုး ခြင်းဖြစ်ပြီး လျာထားဧကတွင် ဧက ၁၅၀၀ ကိုမင်းလှကန်ရေဖြင့်လည်းကောင်း၊ ဧက ၃၀၀ ကို ညောင်ရမ်းကန်ရေဖြင့်လည်း ကောင်း ကျေးရွာအုပ်စု ၁၆ အုပ်စုတွင် စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။ လျာထားဧက ၁၈၀၀ တွင် မျိုးသန့်မျိုးစေ့ ထုတ် ၂၅၀ ဧကနှင့် ပုဂ္ဂလိကမျိုးစေ့ထုတ်ဧက ၅၀၀ တို့အား မျိုးသန့်မျိုးစေ့ထုတ်ဧကများအဖြစ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရ သည်။
မတ်လကုန်တွင် လျာထားချက်ပြည့်မီအောင်စိုက်ပျိုးနိုင်ရန်နှင့်သိပ္ပံနည်းကျ စနစ်တကျ စိုက်ပျိုးခြင်းဖြင့် တစ်ဧကချင်းအထွက်နှုန်း ကောင်းမွန်ပြီး တောင်သူများ အကျိုးဖြစ်ထွန်းစေရန်လျာထား ဧကစိုက်ပျိုးပြီးစီးသည်အထိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး သီးနှံရိတ်သိမ်းချိန်အထိ ဝါပင်သက်တမ်းအလိုက်နည်းပညာပေး လုပ်ငန်းများကိုလည်း ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)