Book Club အသင်းနှင့် Youth Club အသင်းတို့မှ “လူငယ်နှင့် အနာဂတ်ဘဝ မြှင့်တင်ရေး” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေး

မိုင်းယန်း     မတ်    ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနခန်းမ၌ Book Club အသင်းနှင့် Youth Club အသင်းတို့မှ ယနေ့မွန်းလွဲ ၁ နာရီက  စာရေးဆရာ မောင်မိုးယံ ရေးသားသော “လူငယ်နှင့် အနာဂတ်ဘဝ မြှင့်တင်ရေး”စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ပြည်သူ များ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေး၊ လူငယ်များအနေဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့်  ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများ ရရှိစေရေးတို့အတွက် စာဖတ်ဝိုင်းများကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း  ရှင်းလင်းပြောကြားပြီး စာရေးဆရာ မောင်မိုးယံ ရေးသားသော “လူငယ်နှင့် အနာဂတ် ဘဝမြှင့်တင်ရေး” စာအုပ်မှ “လူငယ်နှင့် ပရဟိတစိတ်” ခေါင်းစဉ်ဖြင့်  ဦးဆောင်ဆွေးနွေးခဲ့သည်။

ထို့နောက်(Youth Club)အသင်းဝင် ဦးဗိုလ်ဝင်းမှ “လူငယ်နှင့်ဘဝ အရင်းအနှီး” ခေါင်းစဉ်ဖြင့် လူငယ်တွေအနေဖြင့် မိမိတို့နေ့စဉ်လှုပ်ရှားရုန်းကန်းရင်း ဘဝအတွေ့အကြုံထဲမှ ကိုယ့်ဘဝအတွက် အရင်းအနှီးရရှိအောင် တွေးခေါ် လုပ်ကိုင် သင့်သည့် အကြောင်းအရာများ ကိုလည်းကောင်း၊ (Book Club) အသင်းဝင် ဦးကျော်က “လူငယ်နှင့် တက်လမ်း” ခေါင်းစဉ်ဖြင့် လူငယ်တစ်ယောက်အနေဖြင့် ကြိုးစားမှု၊ ရိုးသားမှု၊ အသိအမှတ်ပြုခံရမှုမရှိခြင်း၊ လူကြီးဆန်သော စိတ်ဓာတ်မျိုးရှိပြီး လာဘ်လာဘကို မျှော်ကိုးလိုစိတ်များသည် မိမိဘဝတက်လမ်းကို ပိတ်ပင်ထားသောအရာများဖြစ်၍ ငယ်စဉ်ကပင် ကိုယ်ချင်းစာစိတ်၊ ညှာတာစိတ်ရှိဖို့ လိုအပ်ကြောင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး