ဆီဆိုင်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်များ အခမဲ့ ကွင်းဆင်း ငှားရမ်းပေး

ဆီဆိုင် မတ် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများသည် ပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားလာစေရန်အတွက် နယ်လှည့်စာကြည့်တိုက် Mobile Library စနစ်ဖြင့် စာအုပ်များအခမဲ့ ဌားရမ်းပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများသို့ သွားရောက်ပြီး စာအုပ်များအခမဲ့ကွင်းဆင်း ငှားရမ်းပေးလျက် ရှိသည်။

အဆိုပါ စာအုပ်များငှားရမ်းပေးရာတွင် စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြန်မာ့စီးပွားရေး ဘဏ်သို့ သုတ၊ ရတစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ၀တ္တု စာအုပ်များနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့်စာအုပ်များ စုံလင်စွာငှားရမ်းပေးခဲ့ပြီး ထိုသို့ ငှားရမ်းပေးခဲ့သော စာအုပ်များကို တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့် အပတ်စဉ်လဲလှယ် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)