ဟင်္သာတ မတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊မိုးကောင်းပရိယတ္တိစာသင်တိုက်ကြီးတွင် ၁၃၈၂-ခုနှစ်၊ နိုင်ငံတော်အစိုးရ ဓမ္မာစရိယစာမေးပွဲဘွဲ့ရ သာသနာ့အာဇာနည်များ၊ နိုင်ငံတော်အစိုးရ ပါဠိပထမပြန် စာမေးပွဲ စာအောင်သာသနာ့အာဇာနည်များ ၁၃၈၃-ခုနှစ် ပရိယတ္တိသာသနပါလစာမေးပွဲ စာအောင် သာသနာ့ အာဇာနည်များအား စာအောင်ဆုနှင်းသဘင် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဟင်္သာတမြို့ တာကလေးရပ် ၊ မိုးကောင်းပရိယတ္တိစာသင်တိုက် ဘောဇနဂုဏ်ရည် ကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုးကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီးနောက် မိုးကောင်း ပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာနနာယက တိပိဋကဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဖြစ်တော်မူသောဘဒ္ဒန္တ သုဓမ္မာစာရာဘိဝံသ ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းလွင်နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊အလှူရှင်များ ၊ ကျောင်းတိုက်ကြီး၏ ဂေါပက အဖွဲ့ဝင်များက ပရိယတ္တိ သာသနပါလ ဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရရှိတော်မူသော သာသနာ့ အာဇာနည်အရှင်မြတ်အားဘွဲ့တံဆိပ်ဆပ်ကပ်လှူဒါန်းခြင်း၊ ၁၃၈၃- ခုနှစ်၊ ပရိယတ္တိသာသနပါလ စာမေးပွဲ၌ အောင်မြင်တော်မူကြသော သာသနာ့ အာဇာနည်များ၊ ၁၃၈၂ - ခုနှစ်၊ နိုင်ငံတော်အစိုးရ ဓမ္မာစရိယ စာမေးပွဲနှင့်ပါဠိပထမပြန် စာမေးပွဲ၌ အောင်မြင်တော်မူကြသော သာသနာ့အာဇာနည် အရှင်မြတ်များ၊နိုင်ငံတော်အစိုးရ နိကာယ်စာမေးပွဲ၌ အောင်မြင်တော် မူကြသော သာသနာ့အာဇာနည် အရှင်မြတ်များအားစာအောင်ဆုများ ဆက်ကပ်လှူဒါန်းခြင်းတို့ ပြုလုပ်ခဲ့ကြပြီးမိုးကောင်းပရိယတ္တိ စာသင်တိုက်ကြီး၏ ပဓာနနာယက ဖြစ်တော်မူသော ဘဒ္ဒန္တ သုဓမ္မာစာရာ ဘိဝံသ ဆရာတော်ကြီးထံမှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချ အနုမောဒနာတရား နာကြားခဲ့ကြသည်။
ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု- သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ကိုဇော် (ဟင်္သာတ)