ကချင်ပြည်နယ်ဝန်ကြီးချုပ် VIP ဧည့်ရိပ်သာ(ဧရာဝတီ)ဖွင့်ပွဲအခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မြစ်ကြီးနား   မတ်  ၁၂

 

ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်အစိုးရ အဖွဲ့ပိုင် VIP ဧည့်ရိပ်သာ(ဧရာဝတီ)ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ပြည်နယ်အစိုးရအဖွဲ့ပိုင် ဧည့်ရိပ်သာကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်၍ တင်ဒါခေါ်ယူတည်ဆောက်ခဲ့ရာ ယခုအခါတွင် တည်ဆောက်ပြီးစီး ပြီဖြစ်ပါကြောင်း၊ ပြည်နယ်အတွက် ဂုဏ်ယူစရာဖြစ်သည့်  ဧည့်ရိပ်သာဖြစ်သဖြင့် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ခမ်းနားအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မ တီများကို ဖွဲ့စည်းတာဝန်ပေးအပ်ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းတာဝန်များအလိုက် ဆောင်ရွက်ရမည့်ကိစ္စရပ်များအပေါ် ဝိုင်းဝန်း အကြံပြုဆွေးနွေးကြစေလိုကြောင်း မှာကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင် ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်စီမံဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ တင်ပြချက် များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးကာ  နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့၊ ကမ်းနားလမ်း၊ ဝန်ကြီးအိမ်ရာဝင်းရှိ ဧရာဝတီဧည့်ရိပ်သာ အသစ်သို့ သွားရောက်ပြီး ပြုပြင်တည်ဆောက်နေမှုနှင့် ဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင် ပြင်ဆင်နေမှု များအား ဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပြုပြင် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ပြည်နယ် (ပြန်/ဆက်)