ရပ်စောက်မြို့နယ်၌ အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များ ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချ

 

ရပ်စောက်        မတ်   ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်စည်ပင်သာယာရေးဌာနနှင့် အင်တောမြို့နယ်ခွဲ စည်ပင်သာယာရေးဌာနတို့၏ ၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်း လိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် စီစစ်ရောင်းချခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ရပ်စောက်မြို့နယ်၊ ဇော်ဂျီရပ်ကွက်အတွင်းရှိ ရဿဝတီခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဝင်းက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်က အရပ်ရပ်အခွင့်အရေးလုပ်ငန်း လိုင်စင်များနှင့် သားသတ်လုပ်ငန်း လိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် စီစစ်ရောင်းချရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် အရပ်ရပ်အခွင့်အရေးလုပ်ငန်း လိုင်စင်များနှင့် သားသတ်လုပ်ငန်း လိုင်စင်များကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချရာတွင် အရပ်ရပ်အခွင့်အရေးလိုင်စင် (၂၈)ခုအနက် (၁၉)ခုကို ကြမ်းခင်းဈေး ငွေကျပ်(၈၀၁ဒသမ၅၀)သိန်း အပေါ်တွင် လိုင်စင်ကြေးငွေကျပ် (၈၇၂ဒသမ၄၀)သိန်းဖြင့်လည်းကောင်း၊ သားသတ်လုပ်ငန်းလိုင်စင် (၂၁)ခုကို ကြမ်းခင်းဈေးငွေကျပ် (၁၅၄၄)သိန်းအပေါ်တွင် လိုင်စင်ကြေးငွေကျပ်(၂၂၈၂ဒသမ၈၀)သိန်းဖြင့်လည်းကောင်း ရောင်းချခဲ့ပြီး ကျန်ရှိသည့် အရပ်ရပ်‌အခွင့်အရေးလိုင်စင် (၉)ခုကို (၁၇-၃-၂၀၂၂)ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံလေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)