မြင်းခြံခရိုင်၌ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲကျင်းပ

မြင်းခြံ မတ် ၁၂

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်းအတွင်း (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ရုံးရှေ့မုခ်ဦးတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

စာအုပ်ဈေးရောင်းပွဲတော်ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ယာယီစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဝင်းမြင့်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ဇေယျာကျော်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့၊ Book Club, Youth Club, Women Club တို့၏ နာယက ဦးမြင့်ဟန်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်အပြီးတွင် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူး၍ စာအုပ်များ ရောင်းချနေသောနေရာသို့ သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း၊ စာအုပ်ဈေးရောင်းပွဲတော်တွင် သုတ၊ ရသ စာအုပ်များ ကလေးများအတွက် သင်ထောက်ကူစာအုပ်များ၊ ကြီးပွားတိုးတက်ရေး စာအုပ်များ၊ ဝတ္ထုစာအုပ်များ၊ ပုံပြင်စာအုပ်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ လေ့လာကြည့်ရှု ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

(၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေး ရောင်းပွဲတော်တွင် ပုံပြင်ပြော၊ ကဗျာရွတ်၊ စာစီစာကုံး ပြိုင်ပွဲများလည်း ပါဝင်ပြီး စာအုပ်ဈေးပွဲတော် သို့ လာရောက်ကြသည့် ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာဆော့ကစားနိုင်သည့် ကစားနည်း များလည်း ထားရှိပေးကြောင်းနှင့် အဆိုပါ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို မတ်လ (၁၂) ရက်နေ့မှ (၁၆) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။      

ကျော်စွာ(မြင်းခြံ)