ဖျာပုံမြို့၌ စံပြကျန်းမာရေးထူးချွန်ကျောင်းဆု ချီးမြှင့်ပွဲကျင်းပ

ဖျာပုံ        မတ်       ၁၂



ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်အတွင်းရှိ အထက်တန်း၊အလယ်တန်း၊မူလတန်း အဆင့် ကျောင်းများအား၊ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော ကိုဗစ် - ၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားလျက်ရှိသော စာသင်ကျောင်းများမှ စံပြကျန်းမာရေးထူးချွန်ဆု ရွေးချယ်ရေးအဖွဲ့ မှသတ်မှတ်ချက်များနှင့် အညီရွေးချယ်၍ မြို့နယ်အတွင်းရှိ စံပြကျန်းမာရေးထူးချွန် ကျောင်းဆု ချီးမြှင့်ခြင်းကို ယနေ့ နံနက်(၁၁) နာရီအချိန်က ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အဆိုပါ စံပြကျန်းမာရေးထူးချွန်ကျောင်းဆုချီးမြှင့်ပွဲတွင် ဖျာပုံခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မာစိုးက စံပြကျန်းမာရေးထူးချွန်ကျောင်းဆု ချီးမြှင့်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး၊ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်လဝကဦးစီးမှူး ဦးဇော်လွင်က အထက်တန်းအဆင့် စံပြကျန်းမာရေးထူးချွန်ကျောင်း ပထမဆုရ အထက(ကနိ) ကျောင်း၊ ဒုတိယဆုရအထက (၃)နှင့်အထက(သမိန်ထော)ကျောင်းတို့အား ဆုများပေးအပ်ကြရာ ကျောင်းအလိုက် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများက လက်ခံရယူကြသည်။


ထို့နောက် စံပြကျန်းမာရေးထူးချွန်ကျောင်းဆုရ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်း များ အား ဖျာပုံမြို့ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မာစိုးနှင့် အထက (၁) ကျောင်းအုပ်ဆရာမကြီးတို့က ဆုများဆက်လက်ချီးမြှင့်ရာ ဆုရကျောင်းများမှ ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများကလက်ခံရယူခဲ့ကြကြောင်းသိရှိရသည်။



အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)