မိတ္ထီလာမြို့၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရန် အသိပညာပေးရေး ညှိနှိုင်းဆွေးနွေး

မိတ္ထီလာ မတ် ၁၇

မိတ္ထီလာမြို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရန် ကျေးရွာများအထိ အသိပညာပေးရေး ရည်ရွယ်ပြီး   Action  aid Myanmar နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲ အချိန်က Action aid ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ  Action aid Myanmar (မိတ္ထီလာ) တာဝန်ခံအရာရှိ ဦးတိုးတိုး က COVID-19 ရောဂါနှင့် ပတ်သက်သည့် မှန်ကန်သော သတင်းအချက်အလက်များကို မြို့ပေါ်ရပ်ကွက်များတွင်သာမက ကျေးရွာများအထိ မျှဝေပေးနိုင်ရေးနှင့် ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မန္တလေးခရိုင် အရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက်မှ ကိုမျိုးမင်းအောင် က မန္တလေးတွင် COVID- 19 ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသကဲ့သို မိတ္ထီလာတွင်လည်း အလားတူ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။  တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအား  COVID-19 ရောဂါကြိုတင်ကာကွယ်ရေး သိကောင်းစရာများကို  မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါ်ညွန့်ညွန့်တင်က ဆွေးနွေးပြောကြားသည်။    

ထို့နောက် Action aid Myanmar နှင့် တက်ရောက်လာကြသည့် မိတ္ထီလာခရိုင်အတွင်းရှိ  အရပ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများက COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ကျေးရွာများအထိ ရောက်ရှိရေးနှင့် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနိုင်ရေးတို့ကို ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ချမ်းသာ(ပြန်/ဆက်)