ပြင်ဦးလွင် မတ် ၁၄
ပြင်ဦးလွင်မြို့နယ် ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉နာရီခွဲက ကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရေး ဆရာများအသင်း(ပြင်ဦးလွင်)နှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန် ထမ်း များတက်ရောက်ဆွေးနွေးခဲ့ကြသည်။
ရှေးဦးစွာ ဆရာရွှေမင်းအောင်(ကျောက်ပန်းတောင်း)မှ လူသားနှင့်စာပေ ဟူသောခေါင်းစဉ်ဖြင့် စာပေကိုအရင်းပြုကာနေ့စဥ်စာဖတ်ရန်၊ နိုင်ငံ တစ်နိုင်ငံတွင် လူ့သမိုင်းအကြောင်းများကို လေ့လာကြည့်လျှင် စာအုပ်စာပေ ယဥ်ကျေးမှုများကိုသိရှိနိုင်ကြောင်း၊ စာပေသည်လူသားတို့ အတွက် အဖိုးတန်ရတနာများပင်ဖြစ်ကြောင်း၊ စာပေနှင့်လူသား၊ လူသားနှင့်စာပေသည် အမြဲဒွန်တွဲလျက်ရှိကြောင်း၊ လူသားအားလုံးတို့သည် မိမိတို့ လေ့လာသိရှိခဲ့သည့် အသိပညာ အတတ်ပညာများကိုပေးသည့် စာအုပ်စာပေများမှတစ်ဆင့် မျိုးဆက်သစ်လူငယ်တို့အတွက် လက်ဆင့် ကမ်းအမွေအနှစ်များ ဖြစ်လာခဲ့ပါကြောင်း ဦးဆောင်ဆွေးနွေးခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံစာရေးဆရာအသင်း (ပြင်ဦးလွင်မြို့နယ်) ဒုဥက္ကဋ္ဌဆရာ ရွှေဘိုမင်းသုခမှ လည်းအကြောင်းမှန်ကိုရှာတတ်ဖို့လိုကြောင်း၊ ဘဝမှန်ကို သိရန်တွင်အကြောင်းမှန်ကိုသိရန် လည်းလိုအပ်ပါကြောင်း ဆက်လက် ဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲ သို့တက်ရောက်လာသည့် ဆရာမ ကေမီ (ပြင်ဦးလွင်) မှလည်း ကိုယ်တိုင်ရေးသားခဲ့သည့် နွယ်သာကီ သံပြတ်အမျိုးအစား မြတ်စာပေကဗျာ အား ရွတ်ဖတ်ခဲ့ပြီးစာဖတ်ဝိုင်းဆွေးနွေးပွဲအား ကျင်းပခြင်းဖြင့် စာပေအရည်အသွေးတိုးတက်မြင့်မားပြီး အသိပညာဗဟုသုတများစွာ ရရှိနိုင် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒေါ်မြတ်ဆုမွန်