မန္တလေး မတ် ၁၄
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အမက မူလွန်(၂၀)တို့ ပူးပေါင်း၍ ကလေးများအတွက် အုပ်စုလိုက်စံနစ်တကျ စာပေဖတ်ရှုခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
"ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အထခိုင်မာစေရန်၊ စာကို အဖြတ်အတောက်မှန်ကန်စွာဖြင့် ဖတ်ရှုတတ်စေရန်၊ အသံနေ အသံထား ပီပီသသရွတ်ဆိုတတ်စေရန်၊ ရရှိသည့် အတွေးအခေါ်ဗဟုသုတများကို အချင်းချင်းပြန်လည်ဆွေးနွေးတတ်စေရန်၊ နွေကျောင်းပိတ် ရက် အားလပ်ချိန်များကို စာကြည့်တိုက်တွင်လာရောက်၍ အသုံးချတတ်စေရန်" စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခြင်း ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြောကြားသည်။
"ကလေးတွေကို တစ်ဦးချင်းစာဖတ်တဲ့ အလေ့အကျင့်၊ နှစ်ဦးတွဲ စာဖတ်တဲ့အလေ့အကျင့်၊ အုပ်စုအလိုက် စာဖတ်တဲ့အလေ့အကျင့်တွေ လုပ်ပေးထားပါတယ်။ ကလေးတွေအတွက် နွေရာသီ အားလပ်ချိန်မှာ စာကြည့်တိုက်မှာစာဖတ်ကြဖို့၊ သူတို့ဝါသနာပါတဲ့ ပန်းချီတို့ အရုပ် ဆက်တို့ စတာတွေလုပ်ဖို့ အားလပ်ချိန်အသုံးချဖို့ စာကြည့်တိုက်ဟာ အကောင်းဆုံး နေရာတစ်ခုပါ"ဟု မူလွန်(၂၀)ကျောင်းအုပ် ဆရာမကြီး ဒေါ်သန်းသန်းနွယ်က ပြောကြားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)