ပုသိမ်ကြီး မတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနသည် ၂၀၂၁-၂၀၂၂ခုနှစ် နွေစပါးတစ်ဧက တင်း(၁၂၀)ထွက်ရှိရေး ဧက (၁၀၀) စံပြကွက် စိုက်ပျိုးသည့် တောင်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကို အဆိုပါဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ နွေစပါးဧက(၁၀၀) တစ်ဧက တင်း(၁၂၀)ထွက်ရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှိုင်မြင့်က ရှင်းလင်းတင်ပြပြီး၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်းက အဖွင့်အမှာစကား ပြောကြား သည်။ ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများအား ဂျစ်ပဆန် သဘာဝကျောက်မှုန့် မြေဩဇာနှင့် တီစူပါ ဓာတ်မြေဩဇာများကို တာဝန်ရှိသူများ အသီးသီး ထောက်ပံ့ပေးအပ်ကာ တောင်သူများ ကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်း၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးမင်းကြည်နှင့် တာဝန်ရှိသူများ၊ ခရိုင်ဦးစီးမှူး ဦးချစ်ဆွေဦး၊ မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်နှင့် မြို့နယ်လယ်ယာမြေနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်နန္ဒ၊ ဒေသခံတောင်သူ (၃၂)ဦးတို့ တက်ရောက်ခဲ့ကြပြီး၊ မြို့နယ်အတွင်း ယခုနှစ် နွေစပါး လျာထား စိုက်ဧကမှာ ၁၉၇၃၇ ဧကရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)