နောင်ချို မတ် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တိုးမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ဌာနဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ကြရန်၊ လုံခြုံရေးအထူးဂရုပြု ဆောင်ရွက် ကြရန် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသင်းမှ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)၊ အ.ထ.က(ကံကြီး)၊ အ.ထ.က(ဘန့်ဘွေး)၊ အ.ထ.က (သုံးဆယ်) စုစုပေါင်းစာစစ်ဌာန (၄) ခုဖြင့်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါစာစစ်ဌာန(၄)ခုတွင် ကျောင်းသား/သူ (၁၀၉၂)ဦး ဖြေဆိုမည် ဖြစ် ကြောင်း၊ စာစစ်ဌာနများမှ ကျောင်းသား/သူများ၏ လုံခြုံရေး၊ တည်းခိုနေထိုင်ရေး၊ စာမေးပွဲကာလအတွင်း လျှပ်စစ်မီးများ သုံးစွဲနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာကြီးကြပ်ရေးအဖွဲ့များမှ မိမိတို့ဌာနအလိုက် ဆောင်ရွက်မည့်လုပ်ငန်း အစီအမံများကို တင်ပြဆွေးနွေး ခဲ့ကြပြီး ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ ချောချောမွေ့မွေ့ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင် ရွက် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထွေးငယ်(ပြန်/ဆက်)