ချမ်းမြသာစည် မတ် ၁၆
မန္တလေးခရိုင်၊ချမ်းမြသာစည်မြို့နယ်၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကလေး အလုပ်သမားပပျောက်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေး အလုပ်သမားများ ၏ အသက် အရွယ်အပိုင်းအခြား၊ ကလေးတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံ ရေးဖွံ့ဖြိုးမှု၊ ကလေးများလုပ်သော အလုပ်နှင့် ကလေးသူငယ်အခွင့် အရေး၊ ကလေးအလုပ်သမား ပပျောက်ရေး ရည်မှန်းချက်များ စသည်ဖြင့်အသိပညာ ပေး ဟောပြော ဆွေးနွေးသည်။
ဆက်လက်ပြီး ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်း၊ စာအုပ်ပြပွဲ ဆောင်ရွက်ထားရှိခြင်းများကိုတက်ရောက် လာသူများက ကြည့်ရှုလေ့လာခဲ့ ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးပွဲသို့ ချမ်းမြသာစည်မြို့နယ် အမှတ်(၃၁)နှင့်အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများနှင့်ဆရာ/မများ တက်ရောက် ခဲ့ကြောင်းသိရသည်။
ခင်စိမ်း၀င်း
မြို့နယ်(ပြန်/ဆက်)