လားရှိုးမြို့၊ ရန်တိုင်းအောင်ဆုတောင်းပြည့်စေတီတော်တွင် ဗုဒဘိသေကအနေကဇာတင်ခြင်း၊ ရွှေကြာသင်္ကန်းကပ်လှူခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနား ကျင်းပ

လားရှိုး      မတ်     ၁၆

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရန်တိုင်းအောင် ဆုတောင်းပြည့်စေတီတော်တွင် ယနေ့နံနက်(၈)နာရီအချိန်က ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်း၊ (၁၆)ကြိမ်မြောက် ရွှေကြာသင်္ကန်း ကပ်လှူခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆရာတော်၊ သံဃာတော်(၁၈)ပါးမှ ဗုဒ္ဓဘိသေက အနေကဇာတင်တော်မူခြင်းနှင့်ဗုဒ ရုပ်ပွား တော်မြတ်တို့အား ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးတို့ဖြင့် ကပ်လှူပူဇော်ခဲ့ကြပြီး အခမ်းအနားကို ‘နမောတ’ သုံး ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်၍ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က ပြည်နယ် ကျောင်းထိုင်ဘုန်းတော်ကြီး သင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပါမောက္ခ ဆရာတော်ကြီးထံမှ (၉)ပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာ တော်အရှင်သူမြတ်တို့မှ မေတ္တာသုတ် ပရိတ် တရားတော် ရွတ်ပွားချီးမြှင့်တော်မူခဲ့သည်။

ထို့နောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများက မုဒ်၀အသီးသီးရှိ မုဒြာရုပ်ပွားတော်မြတ်တို့အား ရွှေကြာသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် အဂမဟာပဏ္ဍိတ၊ ဇမအေး စေတီတပ်ဦးကျောင်း ဆရာတော်ထံမှ အနုမောဒနာတရားတော် နာယူခဲ့ကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

အစီအစဉ်အရ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား စေတီတော်ရင်ပြင်တော်ပတ်လည်တွင် ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြပြီး နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး