ကျေးသီး မတ် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ (၆)လတာ ဘဏ္ဍာရေးနှစ် ကာလ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တူယားကျေးရွာအုပ်စု၊ ပါတတ်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေအနေ များကိုယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးသီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးအေးနိုင်၊ အငယ်တန်းအင်ဂျင်နီယာ-၂၊ ဦးဟိန်းမင်းသူနှင့်ဝန်ထမ်းများသည် ကျေးရွာကုန်ထုတ်လမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ပါတတ်ကျေးရွာတွင် အရှည် ၂ မိုင်ရှိ ကျေးလက် ကုန် ထုတ်လမ်းနှင့်၎င်း လမ်းပေါ်ရှိ Box Culvert ( ၂ )စင်း၊ Pipe Culvert ( ၂ ) စင်း တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေး မှာကြားခဲ့သည်။
ပါတတ်ကျေးရွာတွင် အဆိုပါလုပ်ငန်းများကို ပြည်နယ်(မွမ်းမံ)ရန်ပုံငွေကျပ် ( ၈၁ ဒဿမ ၁၄၄ )သန်းဖြင့် တင်ဒါအောင်မြင်သည့် ရေလယ်ကျွန်းကုမ္ပဏီက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ( ၄၆ )အိမ်မှ လူဦးရေ( ၂၅၈ )ဦးတို့၏ စိုက်ပျိုးမြေဧက (၂၀၀)ကျော်ကို အကျိုးပြုမည်ဖြစ်ကာ ၎င်းစိုက်ပျိုးမြေဧကများမှ ထွက်ရှိသော ထုတ်ကုန်၊ ထွက်ကုန်များ ဈေးကွက်အတွင်း ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးအေးနိုင် ထံမှ သိရှိရသည်။
နန်းမွမ်းဆိုင်(ကျေးသီး)