မြိတ် မတ် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ အခြေခံမဲဆန္ဒရှင် မြေပြင်စာရင်းများ ပြည့်စုံ မှန်ကန်နိုင်ရေးအတွက် လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းကို ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံး ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွက်/ ကျေးရွာ စာရေးဝန်ထမ်းများ၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ် မြို့နယ်ဝန်ထမ်းများပူးပေါင်း၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ရပ်ကွက်/ကျေးရွာတွေမှ မြေပြင်ကောက်ယူရရှိလာတဲ့စာရင်းတွေကို တိုက်ဆိုင်စစ်ဆေးရ တာဖြစ်တဲ့ အတွက်ကြောင့် လဝကရဲ့ အိမ်ထောင်စုလူဦးရေစာရင်း မှာ အမှန်တကယ်ရှိမရှိ၊ သေဆုံးတာတွေကို စစ်ဆေး ပယ်ဖျက်ပေးမှာဖြစ်ပါတယ်။ လောလောဆယ် မြေပြင်စာရင်း ကောက်ယူပြီးစီးတဲ့ ရပ်ကွက်/ ကျေးရွာ (၅)ခုကို မတ်(၁၄)ရက်နဲ့(၁၅)ရက်မှာ တိုက်ဆိုင်စစ်ဆေး ခဲ့တာ လူဦးရေ(၁၂၃၂)ဦး တိုက်ဆိုင်စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်” ဟု မြိတ်ခရိုင် ရွေးကောက်ပွဲ အရာရှိ ဦးလှိုင်ဘွားက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပေးပို့ထားရှိသည့် မဲဆန္ဒရှင်စာရင်းများကို နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆)ပြုစု ထားရှိသည့်စာရင်းနှင့် မြေပြင်စာရင်းကောက်ယူ ရရှိလာသည့် စာရင်းများ တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်ခြင်းဖြစ်ပြီး လိုအပ်သည်များကို ဖြည့်စွက်ခြင်း၊ သေဆုံးများကို ပယ်ဖျက်ခြင်း စသည့် လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ခရိုင်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရ သည်။
“မြိတ်မြို့နယ်က လူဦးရေအများဆုံးလည်းဖြစ်တယ်။ မြိတ်မြို့နယ်ကို Pilot Project အနေနဲ့ ဦးစားပြီး စီစဉ်ဆောင်ရွက်နေပါတယ်။ လူဦးရေစာရင်းတိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းကို လက်ရှိမှာအဖွဲ့(၅)ဖွဲ့နဲ့ကွန်ပျူတာ နည်းပညာဖြင့် တိုက်ဆိုင်စစ်ဆေးနေပါတယ်။ လာမယ့် (၁၇) နဲ့(၁၈)ရက်နောက်ပိုင်းမှာဆိုရင် ရပ်ကွက်/ ကျေးရွာ စာရင်းကောက်ယူ ပြီးစီးမယ့်အဖွဲ့တွေများ လာမှာဖြစ်တဲ့အတွက် ကွန်ပျူတာအင်အားတွေတိုးချဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မင်နဲ့ တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲတို့ရဲ့ ညွှန်ကြားချက်အတိုင်း ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု မြိတ်ခရိုင် ရွေးကောက်ပွဲအရာရှိက ဖြည့်စွက်ပြော ကြားသည်။
အခြေခံမဲဆန္ဒရှင် မြေပြင်စာရင်းများပြည့်စုံမှန်ကန်နိုင်ရေးအတွက် လူဦးရေစာရင်းတိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးဝန်ထမ်းများ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ရုံးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ မြိတ်မြို့နယ် အတွင်းရှိ ရပ်ကွက် /ကျေးရွာအုပ်စု(၃၄)အုပ်စု၏ လူဦးရေစာရင်းတိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းကို မတ်လ(၁၄) ရက်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ခိုင်ထူး(မြိတ် ပြန်/ဆက်)