ဒေးဒရဲ မတ် ၁၇
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့ နံနက် ပိုင်းမှစ၍ ဒေးဒရဲမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လူမှုရေးပင်စင် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ၃လလျှင် တစ်ကြိမ် ပေးအပ်လျက်ရှိရာ (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်)လများအတွက် ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၆၂၈)ဦးအား လူမှုရေးပင်စင် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ်သိန်းပေါင်း (၁၈၈၄၀၀၀၀)ကျပ်ကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တစ်ဆင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ လက်ဝယ်အရောက် သွားရောက် ပေးအပ်လျက် ရှိကြကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)