ပူတာအိုခရိုင်၌ ရွှေ့ပြောင်းတောင်ယာစနစ်မှ Agroforestry စနစ်သို့ပြောင်းလဲခြင်း အသိပညာပေး Talk Show ပြုလုပ်

ပူတာအို မတ် ၁၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် တောင်ယာစနစ်မှ ရေရှည်တည်တံ့သော ဥယျာဉ်ခြံသီးနှံနှင့် ရာသီသီးနှံများ ဒွန်တွဲစိုက်ပျိုးနိုင်သော Agroforestry စနစ်သို့ တဖြည်းဖြည်း ပြောင်းလဲနိုင်စေရန်၊ မြေဆီလွှာနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ပျက်စီးမှုကို သက်သာစေရန်နှင့် ဒေသခံတောင်သူများ ဆင်းရဲနွမ်းပါးမှုလျော့ချပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ရွှေ့ပြောင်းတောင်ယာစနစ်မှ Agroforestry စနစ်သို့ ပြောင်းလဲခြင်း အသိပညာပေး Talk Show ဆွေးနွေးခြင်းကို မတ်လ (၁၅)ရက်နေ့ ညနေ (၃)နာရီအချိန်ခန့်က ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက Agroforestry စနစ် ပြောင်းလဲရခြင်း၏ ရည်ရွယ်ချက်များ၊ Agroforestry စနစ်၏ အဓိပ္ပာယ်၊ ရွှေ့ပြောင်းတောင်ယာစနစ်မှ Agroforestry စနစ်သို့ ပြောင်းလဲရခြင်း၏ အကြောင်းအရင်း၊ ရွှေ့ပြောင်းတောင်ယာစနစ်၏ အားနည်းချက်များ၊ ရွှေ့ပြောင်းတောင်ယာစနစ်မှ Agroforestry စနစ်သို့ ပြောင်းလဲခြင်းဖြင့် တောင်သူများရရှိမည့် အကျိုးကျေးဇူးများနှင့် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများအား အသိပညာပေးရေး လုပ်ငန်းဆောင်ရွက်သွားမည့် အစီအမံများကို မေးခွန်းမေးမြန်းဆွေးနွေးရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ထွေးက မေးခွန်းမေးမြန်း ဆွေးနွေးချက်များအပေါ် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးသည်။

အဆိုပါ ရွှေ့ပြောင်းတောင်ယာစနစ်မှ Agroforestry စနစ်သို့ ပြောင်းလဲခြင်းဖြင့် ပြောင်းလဲလာသောရာသီဥတုနှင့် ကိုက်ညီပြီး ရေရှည်တည်တံ့သော ဘေးအန္တရာယ်ကင်းရှင်းသည့် အစားအစာများ ထုတ်လုပ်နိုင်ခြင်း၊ တောင်ယာများတွင် မိုးသီးနှံအပြီး ဆောင်းသီးနှံနှင့် နှစ်ရှည်သီးနှံများ စိုက်ပျိုးလာခြင်းဖြင့် သီးနှံစိုက်စွမ်းအား တိုးမြှင့်လာစေခြင်းနှင့် မြေဆီလွှာနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ ပိုမိုကောင်းမွန်လာခြင်းဖြင့် Crop Diversity & Biodiversity ကြွယ်ဝလာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာမှ သိရသည်။

ဖုန်ကန်