မိုးကောင်း မတ် ၁၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာကြည့်တိုက်ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အွန်လိုင်းအသိပညာပေး ဟောပြောပွဲကို Community Centre ၌ ယနေ့ မွန်းလွဲ (၂)နာရီခွဲအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်စာကြည့်တိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်က “ဘဝမှာ စွန့်ပစ်အမှိုက်တွေဟာ ဘဝရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ဖြစ်မှန်းမသိ ဖြစ်ခဲ့ပါပြီ၊ လူသားတွေနဲ့လည်း စွန့်ပစ်ပစ္စည်းတွေ ဖြစ်လာခဲ့ပါပြီ၊ စွန့်ပစ်အမှိုက်တွေကို အမျိုးအစားအားဖြင့် စားကြွင်း စားကျန် အမှိုက်၊ ခြံထွက်အမှိုက်၊ မီးဖိုချောင်ထွက်အမှိုက်၊ ပလတ်စတစ်အမှိုက်ဆိုပြီး ခွဲခြားနိုင်ပါတယ်။ ဒီအမှိုက်တွေထဲက စားကြွင်း စားကျန် အမှိုက်၊ ခြံထွက်အမှိုက်နဲ့ မီးဖိုချောင်ထွက်အမှိုက်တွေက မြေဆွေးလွယ်ပြီး သဘာဝမြေဩဇာအဖြစ် အသုံးပြုလို့ရပါတယ် တစ်ခါသုံးပလတ်စတစ် အမှိုက်ကတော့ ပြန်သုံးလို့အဆင်မပြေတဲ့အတွက် လူသားနဲ့ကမ္ဘာကြီးကို ဆိုးကျိုးသက်ရောက်စေတဲ့ အမှိုက်လဲဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
လူသားတို့အနေဖြင့် နေ့စဉ်ဘဝမှာ ဘဝရဲ့တစ်စိတ်တစ်ပိုင်းဖြစ်သည့် စွန့်ပစ်အမှိုက်များကို စနစ်တကျ စီမံခန့်ခွဲရန် လိုအပ်ကြောင်း၊ မိမိကိုယ်တိုင် မိသားစုနှင့်ပတ်ဝန်းကျင်တွင် စွန့်ပစ်အမှိုက်များနှင့် ပတ်သက်၍ ဗဟုသုတရရှိရန်လိုအပ်ကြောင်း၊ စွန့်ပစ်အမှိုက်များကို ခွဲခြမ်းစိတ်ဖြာရာတွင် တစ်ခါသုံးပလတ်စတစ် အမှိုက်ကိုင်တွယ်သုံးစွဲမှု လျှော့ချနိုင်ရန် အရေးတကြီး လိုအပ်ကြောင်း ၎င်းက ဆက်လက်ဟောပြာခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး