ကျောက်တလုံးကြီးမြို့၊ ဒုံအုံးရပ်ကွက်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော လီလီပန်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်တလုံးကြီး မတ် ၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊    တောင်ကြီးခရိုင်၊    ကျောက်တလုံးကြီးမြို့၊ ဒုံးအုံးရပ်ကွက်တွင်     မိသားစု အပိုဝင်ငွေရရှိရန်      တစ်ပိုင်တစ်နိုင်စိုက်ပျိုးထား သော လီလီပန်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း  သိရသည်။

လီလီပန်းများစိုက်ပျိုးရာတွင် စိုက်ပျိုးမည့်လီလီပန်းဥများသည် အရည်အသွေးကောင်းမွန်ပြီး လတ်ဆတ်ကာအမြစ်များ ရှင်သန်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးမည့်စိုက်ဘောင်နှင့် စိုက်ကျင်းအနက်တို့သည်    မျိုးဥပေါ်မူတည်၍    ပြုလုပ်ရမည်ဖြစ်ကြောင်း၊ မျိုးဥမချမီ   စိုက်ဘောင်ကို နွားချေး၊ အာမိုနှင့် ဒီစူပါ မြေသြဇာများကို  ရောစပ်ထည့်ကာရေဖြင့် ၆ နာရီ ကြိုတင်နှပ်ထားပြီးမှ မျိုးဥချရကြောင်း၊    လီလီပန်းပင်များစိုက်ပျိုးရာတွင် တွင်းအနက် ၆ လက်မ လိုအပ် ကြောင်း၊ ပင်ကြား ၆ လက်မခြား စိုက်ပျိုးရကြောင်း၊ လီလီပန်းများသည် နေရောင်ခြည်ကြိုက်သော်လည် အေးသောရာသီဥတုကို   ကြိုက်နှစ်သက် သောကြာင့်    အပူဒဏ်ခံနိုင်ရန်     အမိုးများ မိုးထားပေးရန် လိုအပ်ကြောင်း၊ စိုက်ပျိုးပြီးလျှင် ၂ ရက်လျှင် ၁ ကြိမ်ရေလောင်းပေးရကြောင်း၊ ပေါင်းမြက် ပေါက်ရောက်မှုပေါ်မူတည်၍ တစ်လတစ်ကြိမ်ခန့်နှိမ်နင်းပေးရန် လိုအပ်ကြောင်း လီလီပန်း စိုက်ပျိုးသူ ဦးခွန်မောင်ထံမှ သိရသည်။

လီလီပန်းမျိုးကွဲပေါင်း (၁၀၀) ကျော်ရှိကြောင်း၊ အရောင်အားဖြင့် အဖြူ၊ အဝါ၊ ပန်းရောင်၊ ခရမ်းရောင်၊    အနီရောင်များရှိကြောင်း၊   အပွင့်များပေါ်တွင် အစင်းကြောင်းများပါရှိကြောင်း၊ လီလီပန်းများသည် စိုက်ပျိုးပြီး ၈ လကြာမှ ပန်းများခူးယူနိုင်ကြောင်း၊ ၂၀၂၁ခုနှစ်၊ သြဂုတ်လတွင် အဖြူရောင်လီလီပန်းမျိုးကို စိုက်ပျိုးခဲ့ကြောင်း ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် လီလီပန်းများ စတင်ခူးယူနိုင်မည်ဖြစ်ကြောင်း ကျောက်တလုံးကြီးမြို့၊ ဒုံအုံးရပ်ကွက်နေ လီလီပန်းစိုက်တောင်သူ     ဦးခွန်မောင်ထံမှ သိရသည်။

စည်သူ( ပြန်/ဆက်  )