ရပ်စောက်မြို့နယ်၌ အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြရန် တိုက်တွန်းနှိုးဆော်

ရပ်စောက် မတ် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြပါရန် အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာနေရာများ၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော် ခဲ့ကြသည်။

ထိုသို့ နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်အတိုင်းတိကျစွာ လိုက်နာကြရန်နှင့် မိဘပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို အသိပေးနှိုးဆော်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံကြပါရန်၊ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူအများစုသည် ကာကွယ်ဆေးမထိုးသူများ သာဖြစ်သော ကြောင့် အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မဖြစ်မနေထိုးနှံကြပါရန်၊ ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူများအနေဖြင့် ရာနှုန်းပြည့်ထိုးနှံကြရန်ဖြစ်ပြီး နောင်တွင် ကာကွယ်ဆေးထိုးနှံထားသည့် အထောက်အထားများကို ရပ်ကွက်/ကျေးရွာအလိုက် တိုက်ဆိုင်စစ်ဆေးခြင်း များကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအနေဖြင့် မပျက်မကွက် လာရောက်ထိုးနှံ ကြပါရန် တိုက်တွန်းနှိုးဆော် ခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)