ပင်းတယမြို့နယ်၌ ဒေသထွက် ထောပတ်သီးများ ဈေးကောင်းရရှိ၍ စိုက်ပျိုးတောင်သူများ အဆင်ပြေ

ပင်းတယ မတ် ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်း အနီးအနားကျေးရွာများတွင် စိုက်ပျိုးထား သည့် တောင်ပေါ်ဒေသထွက် ထောပတ်သီးများ ယခုအခါ ဈေးကောင်းရရှိပြီး စိုက်ပျိုးတောင်သူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းရရှိစေသည့်အပြင် မိသားစု စားဝတ်နေရေး၊ လူမှုစီးပွားဘဝ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပင်လယ်ရေ မျက်နာပြင်အထက် ( ၃၈၈၀ ) ပေ၌ တည်ရှိသော ချမ်းအေးသောတောင်ပေါ် ဒေသဖြစ်သည့် ပင်းတယမြို့နယ်တွင် ဒေသနှင့်ကိုက်ညီသော သီးပင်၊ စားပင်နှင့် ပန်းမန်များ မျိုးကောင်းမျိုးသန့်များ ရရှိရန်အတွက် စိုက်ပျိုးရေးနည်းပညာများ အသုံးပြု၍ ဒေသထွက်သီးနှံများ စိုက်ပျိုးကြလျက်ရှိသည်။ ပင်းတယမြို့နယ်ရှိ အနီးအနားကျေးရွာများတွင် ထောပတ်သီးအား မိမိတို့နေအိမ်ခြံဝန်းများအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူများရှိသကဲ့သို့ စီးပွားဖြစ် စိုက်ပျိုးဧက အများအပြား စိုက်ပျိုးကြသူများ လည်းရှိသည်။  

ပင်းတယမြို့နယ် အနီးအနားရှိ မြေပြန့်အနေအထားရှိသည့်ကျေးရွာများတွင် ဒီဇင်ဘာလအတွင်း ခူးဆွတ်ရောင်းချကြရပြီး၊ အအေးဓာတ်လွန်ကဲသည့် တောင်ပေါ်ကျေးရွာများဖြစ်သည့် မဲနယ်တောင်ကျေးရွာ၊ ပန်းစစ်ကျေးရွာနှင့် ဆီးကျအင်းကျေးရွာနှင့် အခြားတောင်ပေါ်ကျေးရွာများတွင် ထောပတ်သီးများအား ယခု မတ်လပိုင်းမှစတင်၍ ခူးဆွတ်ရောင်းချကြရသဖြင့် အခြားဒေသ များထက် ဈေးကောင်းပိုမိုရရှိကြောင်း သိရသည်။ ယခုအချိန်အခါတွင် ပင်းတယမြို့နယ်မှ ထွက်ရှိသောထောပတ်သီးများအား ထောပတ်သီးအလုံးရေ (၂၅)လုံးပါ ထောပတ်သီး (၁) သေတ္တာလျှင် တန်ဘိုးငွေကျပ် အနည်းဆုံး (၁၇၀၀၀) မှ အများဆုံး ကျပ်ငွေ (၂၀၀၀၀) ခန့်ရရှိကြောင်း၊ ထောပတ်သီး အလုံးအရွယ်အစားလိုက်၍ ဈေးနှုန်းအနည်းငယ်ကွာခြားမှုရှိကြောင်း၊ ပင်းတယမြို့နယ်မှ တဆင့် ရန်ကုန်မြို့နှင့် တာချီလိတ်မြို့များသို့ တင်ပို့ရောင်းချကြောင်းနှင့် ထောပတ်သီးရှားပါးချိန် ဈေးကောင်းရရှိသဖြင့် အလုပ် အကိုင်များ အဆင်ပြေချေမွေ့ လျက်ရှိကြောင်းတို့အား  ကျေးရွာများမှ ထောပတ်သီးများ ဖောက်သည်ကောက်ယူ၍ တခြားမြို့ များသို့ တင်ပို့ရောင်းချနေသော ထောပတ်သီးကုန်သည်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

မြို့နယ်(ပြန်/ဆက်)